စစ်ကောင်စီတပ်တွေနေရာယူထားတဲ့လွိုင်ကော်မှာ စက်သုံးဆီတွေစတင်ပြတ်တောက်

ဇွန် ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးကျလို့ လူငယ်တစ်ဦး သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဒီကနေ့ ဇွန် ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ခဲ့အတွက် လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြို့ခံအချို့ကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေနေရာယူထားတဲ့ လွိုင်ကော်မြို့ပေါ်မှာ ဓာတ်ဆီဝယ်ယူမရတော့ဘဲပြတ်တောက်နေပြီး ဒီဇယ်အနည်းငယ်သာ ဝယ်ယူလို့ရသလို မကြာခင်မှာတော့ စက်သုံးဆီတွေလုံးဝပြတ်တောက်သွားတဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။

"ဓာတ်ဆီကတော့ ဘယ်ဆိုင်မှာမှ မရတော့ဘူး။ ဒီဇယ်ကလည်း နည်းနည်းစီပဲဝယ်လို့ရတော့တယ်။ ဒါလည်း ကျွန်တော်ထင်တယ်။ နောက်တစ်ပတ်လောက်ဆို လုံးဝပြတ်သွားနိုင်တယ်။ စားစရာဝယ်မယ်ဆိုလည်း မနက် ၅ နာရီလောက်ကနေ မနက် ၉ နာရီလောက်ထိပဲထွက်ပြီး ဝယ်လို့ရတယ်။ မနက် ၉ နာရီ နောက်ပိုင်းဆို ဆိုင်တွေလည်းပိတ်သွားပြီ။ လမ်းဆုံလမ်းဒေါင့်တိုင်းမှာလည်း တပ်တွေက လုံခြုံရေးချထားတာ။ အပြင်ထွက်ရင်ကို ရိုက်တာ ဖမ်းတာတွေရှိနေလို့ မြို့ထဲလည်း လူအသွားအလာမရှိဘူး"လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လွိုင်ကော်မြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက ကုန်ကားအဝင်တွေ ဝင်ရောက်ခွင့်မပြုတော့ဘဲ ပိတ်ပင်ထားခဲ့တာကြောင့် ဆေးဝါးနဲ့ စက်သုံးဆီစတဲ့ ကုန်တွေ မြို့ပေါ်မှာ စတင်ပြတ်တောက် လာတဲ့အနေ အထားမှာ ရှိနေတာလည်းဖြစ်ပါတယ်။

"ဆန်ကတော့ လွိုင်ကော်အနေနဲ့ တစ်အိတ်ကို အရင်က ၃ သောင်းလောက်ကနေ အခု ငါးသောင်းခြောက် သောင်းလောက်ဖြစ်ကုန်တယ်။ ဒီးမောဆိုတို့ ဖရူဆိုတို့ဆို ဝယ်လို့တောင်မရတော့ဘူး။ ပိုပြီးခက်တယ်။ ရွာဘက်တွေကနေလည်း လွိုင်ကော်မြို့ပေါ်လာဝယ်ရင် လမ်းမှာ ဖမ်းဆီးတာနဲ့ ဘာနဲ့ လာဝယ်လို့လည်း မရကြနဲ့ ဒုက္ခရောက်ကြတယ်။ တိုက်ပွဲကတော့ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာမှာဖြစ်နေတာပဲ။ လွိုင်ကော်မှာတော့ ဒီမနက်ပိုင်း အသံကြားပြီး အခုနေ့လယ်ပိုင်းတော့ နည်းနည်းငြိမ်နေတယ်" လို့ ကုန်စည်စီးဆင်းမှုဖြတ်တောက်ခံထားရတဲ့အခြေအနေကို မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပြပါတယ်။

လွိုင်ကော်မှာ နေ့စဉ်လိုလို လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလကထဲက ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုနဲ့ ရှမ်းကယားနယ်စပ်က မိုးဗြဲမြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (ဒေသ PDF) တွေအကြား တိုက်ပွဲတွေနေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး စစ်ရှောင်ထွက်ပြေးနေရသူကလည်း သောင်းနဲ့ချီရှိလာပြီဖြစ်ပါတယ်။

"လွိုင်ကော်မှာတော့ နေ့စဉ်နဲ့အမျှ မြို့ကိုစွန့်ပြီးသွားနေတာတွေမြင်နေရတယ်။ တချို့ကလည်း တိုက်ပွဲသိပ်မရှိတဲ့ ရွာတွေဘက်ဆီရှောင်ကြတယ်။ တချို့ကတော့ ကားတွေနဲ့ တောင်ကြီးဘက်တို့ ဘာတို့ထိ သွားရှောင်နေကြတယ်။ မြို့ကနေ လူတွေထွက်သွားတာကို နေ့တိုင်းကို မြင်နေရတာ။ မြို့ပျက်ကြီးလိုပါပဲ။ တခါမှ ဒီလိုဖြစ်လာမယ်လို့ မထင်ထားမိတာလေ''လို့ သူကပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေအင်အားတိုးချဲ့လာတဲ့ လွိုင်ကော်မှာ မနေ့ ဇွန် ၉ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ မြို့ပေါ်နေသူတစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်ဘက်အဝင်လမ်းတွေကို အလုံးစုံပိတ်ဆို့ခံထားရတယ်လို့ဒေသခံတွေကပြောကြားလာပြီး လတ်တလောမှာ မွေးလုနီးပါး ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၅ ဦးခန့် သင့်တော်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့် ကိုယ်ဝန်ဆိပ်တက်တဲ့ဝေဒနာခံစားနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီက အာဏာရယူခဲ့ပြီးတဲ့နောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ ပစ်ခတ်ခံရ မှုတွေကြောင့် သေဆုံးရသူပေါင်းဟာ ၄၁ ဦးထက်မနည်း ရှိသွားပြီလို့ တိုးတက်သောကရင်နီ ပြည်သူ့ အင်အားစု PKPF အဖွဲ့က ကောက်ယူပြုစုထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ 

BBC Burmese

https://www.bbc.com/burmese/57426555

စစ်ကောင်စီတပ်တွေနေရာယူထားတဲ့လွိုင်ကော်မှာ စက်သုံးဆီတွေစတင်ပြတ်တောက်  စစ်ကောင်စီတပ်တွေနေရာယူထားတဲ့လွိုင်ကော်မှာ စက်သုံးဆီတွေစတင်ပြတ်တောက် Reviewed by THITHTOOLWIN on 21:23 Rating: 5

No comments:

Powered by Blogger.