ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား


သျှမ်းသံတော်ဆင့် ၊ ဇွန် ၂၁

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပရိဟိတ အဖွဲ့ဝင်တစ်ဦးကို ဇွန် (၁၉)  ည (၁၁)ဝန်းကျင် တွင် စစ်ကောင်စီမှ  လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

ဇွန် ၁၉ ရက် ည (၁၁)နာရီ တွင် ဓမ္မရဏိတ ပရဟိတ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် (၅၀)နှစ် အရွယ်ရှိ  ဦးကျော်သိန်းကို စစ်ကောင်စီ မှ မေးမြန်ရန်ရှိသည်ဟု ဆိုကာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် မည်သို့ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ကျောက်မဲမြို့ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“ မေးဖို့ရှိတယ်ဆိုပြီးခေါ်သွားတယ်။ ဘယ်နေရာမှာရှိနေလဲမသိရဘူး။ သူက ဆန္ဒပြတဲ့ထဲလဲမပါဘူး။ ပရဟိတ လုပ်တယ်။ အောက်ဆီဂျင်နဲ့ပတ်သတ်ပြီးပို့ဆောင်ပေးတာ။ ဘာကြောင့်လာဖမ်းသွားလဲမသိရဘူး။ အင်းအား ၂၀ လောက်ရှိတယ် လာဖမ်းသွားတာ” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

အဆိုပါ စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ည ၈ နာရီမှ မနက် ၄ နာရီအထိ မထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီး၊ ညမထွက်အမိန့် ကို ချိုးဖောက်နေသူမှာ စစ်ကောင်စီများသာဖြစ်ကြောင်း ကျောက်မဲဒေသခံ တစ်ဦးက ပြောသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း (၁၆) ဦးရှိနေပြီးဖြစ်ကြောင်း၊ ထိုဖမ်းဆီးခံသူများကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားချိန် တွင် စစ်ကောင်စီမှ  နေအိမ်သို့ ဝင်ရောက် စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ သူတို့လာဖမ်းရင် ည အချိန်တွေပဲ။ အဓိက  ညမထွက်ရအချိန် အိပ်ကောင်းနေချိန်ပဲ။ ညအိပ်နေတဲ့ချိန်ဆို ထွက်ပြေးလို့မရတော့ဘူးလေ။  အဲချိန်မှာဝင်ဖမ်းသွားတယ်။ သူတို့က မာရှယ်လော်တွေထုတ်နေပြီးတော့ သူတို့ကိုယ်တိုင်က ချိုးဖောက်နေတယ်။ ကျနော်တို့ ပြည်သူတွေကို ဒီလိုမျိုးဖမ်းဆီးနေတာကိုရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်”  ဟု  ကျောက်မဲမြို့ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့တွင် ယမန့်နေ့ (ဇွန် ၂၀)ရက် ည ( ၉ )နာရီဝန်းကျင်၌ စစ်ကောင်စီမှ သေနတ် (၁၅ )ချက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုပစ်ခတ်မှုကြောင့် ပြည်သူ (၂) ဦး ထိခိုင်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ချို့က ပြောကြားခဲ့သော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပေ။ 

“ ပစ်တာတော့ သေချာတယ်။ ညအချိန်ဖြစ်နေတော့ ကျနော်တို့လဲ အတည်မပြုပေးနိုင်သေးဘူး။ တစ်ချို့ကလည်း ၂ ယောက်ထိတယ်လို့ပြောတယ်။ တစ်ချို့ကလည်း မထိဘူးလို့ပြောနေတယ်။ ညအချိန်ဖြစ်နေတော့ ထွက်သွားကြည့်ပေးလို့ကမရဘူး” ဟု သေနတ်ပစ်သံကြားသည့် ကျောက်မဲပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူ (၈၇၂) ဦးသတ်ဖြတ်ခဲ့ပြီး (၆၂၁၉) ဦးဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်သားကူညီးစောင့်ရှောက်ရေး AAPP က ယမန့်နေ့ ဇွန် ၂၀ တွင်ထုတ်ပြန်ထားသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.