ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိလာ



ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၃၁ ရက် မနေ့က စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDF တို့ ဖြစ်ကြတဲ့တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်က တိုက်လေယာဉ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ထွက်ပြေးရတဲ့ဒေသခံပြည်သူ သုံးသောင်းကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။

ဒီမနက်မှာလည်း စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက်မိုးလင်းထဲက ဒီကောင်တွေက လက်နက်ကြီးက ရှစ်လုံး ကိုးလုံး ဆယ်လုံးလောက် ထုနေတာ၊ လွိုင်ကော်ကနေ ဒီးမော့ဆို ကျောက်ဆွယ်တောင်ကို၊ မနေ့ညကလည်း တိုက်လေယာဉ်တွေကော ဂျက် လေယာဉ်တွေနဲ့ကော အကုန်လုံးဖိနေတာလေ၊ ဒီးမော့ဆိုမြို့လေးက သေးသေးလေးကို ပြည်သူတွေက လည်း ဘယ်လိုမှမနေရဲ ဘူး၊ တာဝေးလက်နက်ကြီးပဲ တစ်လုံးတစ်လုံးကို နှစ်မိနစ်တစ်ခါ သုံးမိနစ်တစ်ခါ ဘာမှမခြားဘူး တစ်နာရီအတွင်းကို အများကြီးပဲထုနေတာ၊ အကုန်လုံးကထွက်ပြးသွားပြီး နည်းနည်း ပါးပါးပဲ ကျန်တဲ့သူတော့ကျန်တာပေါ့၊ ရိက္ခာလည်းဆင်းယူလို့ အဆင်မပြေ၊ ဆင်းယူလို့ မြင်ရင်လည်းပစ်နဲ့ အကုန်လုံးယုတ်မာနေကြတာ၊ ပြည်သူပြည်သားတွေက တောတောင်တွေထဲ သောက်သုံးရေတွေ အခက် အခဲရှိတယ်၊ ရေအနောက်တွေကို ကြိုချက်သောက်ပြီး သောက်နေရတာ၊ ကျန်းမာရေးတွေလည်း အခက် အခဲဖြစ်၊ ကလေးတွေနဲ့ ဘယ်လိုမှအဆင်မပြေဘူး"

မနေ့ကတိုက်ပွဲမှာ KNDF တပ်က တစ်ဦး၊ အရပ်သားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်ကလည်း သေဆုံးသူများတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှာ ပါဝင်သူတစ်ဦး က RFA ကို ပြောပါတယ်။

"တစ်နာရီကျော်ကျော်လောက်မှာ စပြီးဖြစ်တယ်၊ ဒီးမော့ဆိုမှာက ကျွန်တော်တို့ KNDF တပ်ရှိတယ်၊ ညနေ ခြောက်နာရီလောက်မှ ပြီးတယ်ဗျ၊ ကျွန်တော်ဘက်တော့ KNDF အဖွဲ့ရယ် ကျွန်တော်တို့နဲ့အတူလိုက်လာ တဲ့ ရွာသားတစ်ယောက်ရယ် နှစ်ဦးကျတယ်၊ ခြောက်ဦးဒဏ်ရာရတယ်၊ ကျွန်တော်တို့ကတော့ ရှိတဲ့အင် အားလေးရယ် ရှိတဲ့လက်နက်လေးနဲ့ ပြန်ပြီးတိုက်ထုတ်တဲ့ အနေအထားပေါ့၊ ငါးနာရီအထိ ကျွန်တော်တို့ ပစ်ခတ်တဲ့အချိန်မှာ လေယာဉ်က စပြီးတော့လာကူတာပေါ့"

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ရဲ့ မနေ့ကထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဘက်က ရှစ်ဆယ်အထိ သေဆုံးခဲ့တဲ့အတွက် စစ်တပ်က ညနေပိုင်းမှာ တိုက်လေယာဉ်တွေသုံးပြီး တိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရပါဘူး။

    "ရိက္ခာလည်း ဆင်းယူလို့ အဆင်မပြေ၊ ဆင်းယူလို့ မြင်ရင်လည်းပစ်နဲ့ အကုန်လုံးယုတ်မာနေကြတာ"

ကယားပြည်နယ်မှာ စစ်ကောင်စီကို ပြန်ပြီးတော်လှန်ဖို့အတွက် ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေကို စုပေါင်းပြီး၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အဖြစ် မနေ့က မေလ ၃၁ ရက်နေ့ မှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကယားပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ နှစ်လခွဲအတွင်း သေဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်နဲ့ အရပ်သား၊ စုစုပေါင်း ၃၁ ဦးရှိခဲ့ပြီလို့လည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရဲစခန်းတွေကိုပါ သိမ်းပိုက်နိုင်ခဲ့သလို အကျအဆုံးတွေရှိနေတယ်လို့ KNDF က ပြောထားပေမယ့် စစ်ကောင်စီဘက်ကတော့ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီနဲ့ KNDF တို့ တိုက်ပွဲဖြစ်နေတဲ့ မေလထဲမှာ၊ စစ်ကောင်စီရဲ့ အင်အားပြည့်ထိုးစစ်ကြောင့် ထွက်ပြေးရတဲ့စစ်ပြေးဒုက္ခသည် စုစုပေါင်း တစ်သိန်းနီးပါးရှိနေပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
karenni-refugees.jpg
(မသန့်ရှင်းတဲ့ရေကို ခပ်ယူနေရတဲ့ ကရင်နီစစ်ပြေးဒုက္ခသည်တွေပုံ) Photo CJ

အဲဒီလူတွေထဲမှာ တချို့က ဒီးမော့ဆိုမြို့နယ် ကွိုင်ငံရွာရဲ့ အနောက်ဖက် တောတောင်တွေထဲမှာ မိုးကာတွေ ထိုးပြီး နေကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။

"ကွိုင်ငံရွာကနေ လေဂိုးရွာအထိ အနောက်တောင်ကြောတစ်လျှောက်လုံးပေါ့ သူတို့က တဲထိုးပြီးနေကြတဲ့ အနေအထားရှိတယ်၊ အဲတောင်ဘက်တဝိုက်မှာ ဝမ်းပျက်ရောဂါ၊ ဝမ်းလျှောရောဂါဖြစ်တဲ့သူရှိတယ်၊ အဲ ဘက်မှာ ကျွန်တော်တို့ဆရာမနှစ်ယောက်တော့ ပို့ထားတာရှိတယ်၊ အခုလွိုင်ကော်အပါဆိုရင် ထွက်ပြေး ရသူက တစ်သိန်းလောက်ရှိနေပြီ၊ လောလောဆယ် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့သူ ရာနဲ့ချီပဲရှိသေးတယ်၊ မနေ့က ကျွန်တော်တို့ အိမ်သာခွက်လည်း ထပ်ပို့တယ်၊ ရသလောက် ပေါ့နော် သူများလာပေးသ‌လောက် အလှူခံရသလောက် ကျွန်တော်တို့အဲဘက်မှာ ပို့လိုက်တယ်"

လတ်တလော ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေအခက်အခဲဖြစ်နေသလို တချို့နေရာမှာ ဝမ်းပျက် ဝမ်းလျှောဖြစ်နေကြပြီး ဆေးဝါးနဲ့အစားအသောက်တွေကလည်း သုံးရက်စာလောက်ပဲရှိတယ်လို့ ပြောပါတယ်။

ကယားပြည်နယ်ထဲ အဝင်အထွက်လမ်းတွေကို ဖြတ်လေးဖြတ်ပုံစံနဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားပြီး တောင်ငူ-ကယားလမ်းပိုင်းတစ်ခုပဲ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ဖွင့်ထားပါတယ်။

မနေ့ကဆိုရင် လွိုင်ကော်မြို့ပေါ်က အမြှောက်တပ်၊ (၄၂၇) (၁၀၂) စတဲ့တပ်တွေကနေ ဒေါငံခါး ကုန်းသာရွာကြားက ကျောက်ဆွယ်တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ အလုံးလေး ဆယ်ကျော်အထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese



ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိလာ ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ရှိလာ Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.