ဆေးဝါးပို့ခွင့်ပိတ်ခံထားရတဲ့ မင်းတပ် ဒုက္ခသည်တွေ ရာသီတုပ်ကွေးဒဏ်ခံနေကြရ



ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ CDF အဖွဲ့ကြား တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သုံးသောင်းကျော် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့ အတွက် စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အခုလို ရာသီတုပ်ကွေးအဖြစ်များတဲ့ မိုးတွင်းကာလမှာ တောတောင်တွေထဲ တစ်လကျော်လောက် တိမ်းရှောင်နေရတဲ့ ဒေသခံစစ်ဘေးဒုက္ခသည်တွေဟာ ယားနာ၊ ရာသီတုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇွန်လ ၁၈ ရက်မနေ့က မင်းတပ် စစ်ဘေးဒုက္ခသည်တွေထဲက ၇ လသားအရွယ် ကလေးတစ်ဦး ဖျားနာလို့ သေဆုံးခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့က အသက် ၅၇ နှစ်အရွယ် ဒေသခံတစ်ဦးလည်း သေဆုံးခဲ့ကာ မေလ ၂၂ ရက်နေ့တုန်းကလည်း ရက်သားအရွယ် ကလေးငယ်တစ်ဦးတို့ဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရခဲ့တာတွေကြောင့် သေဆုံးခဲ့ပါတယ်။

သေဆုံးသူ သုံးဦးတို့ဟာ လုံလောက်တဲ့ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မခံယူရတာတွေကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘုန်းကြီးတစ်ပါးက မိန့်ကြားပါတယ်။

“ဟို မနေ့က ကလေးတစ်ယောက်ကလည်း ဆုံးသွားတယ်လေ။ ကလေးတစ်ယောက်လည်း ဆုံးတယ်။ တစ်ခြားရွာက ကလေးတွေကလည်း ဆေးဝါးမရှိလို့ သူတို့က ဖျားနာတာတွေ ဖြစ်လာတဲ့အချိန်မှာ ဆေးဝါးတွေရဖို့ ခက်ခဲနေတယ်။ ပြီးတော့ သူတို့က မင်းတပ်မြို့ကိုလည်း လာဖို့အဆင်မပြေဘူးလေ။ သေဆုံးသူတွေက တောထဲမှာ ဆေးဝါးတွေမရတာနဲ့ဆိုရင် လေးငါးယောက်တော့ ရှိပြီထင်တယ်။ ကျွန်တော်တို့ မသိတဲ့ဘက်တွေမှာလည်း ရှိနိုင်တယ်ဗျ”

တောတောင်တွေထဲ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အများစုဟာ အဲဒီရောဂါတွေ ဖြစ်ပွားနေတာကြောင့် သူတို့အတွက် အရေးပေါ် ဆေးဝါးလိုအပ်နေပါတယ်။

    "ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးတို့ ဒီဒဏ်ခံရတယ်။ ဆေးဝါးတွေကလည်း မရှိဘူး"

အဲဒီစစ်ဘေးဒုက္ခသည်တွေဆီ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပို့ပေးဖို့ မကွေးဘက်ကလာတဲ့ လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားပြီး ကားပေါ်ပါလာတာတွေကိုလည်း သယ်ခွင့်မပေးဘူးလို့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“အများစုက ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေးတို့ ဒီဒဏ်ခံရတယ်။ ဆေးဝါးတွေကလည်း မရှိဘူး။ လူတွေက အုံလိုက်ကျင်းလိုက်နေရတော့ သန့်ရှင်းသပ်ရပ်မှုပိုင်း အားနည်းတယ်ပေါ့။ ဆိုတော့ ယားနာ တွေဖြစ်လာတယ်။ နောက် ရေရှားပါးမှု၊ ရေမလောက်ငှတာတွေ ရှိတယ်။ ရေသန့်စင်နိုင်တဲ့ စက်တွေက လည်း မရှိဘူးဆိုတော့ ရေအသန့်ရဖို့ မလွယ်ကူဘူး။ နောက် ယားနာဖြစ်တာကလည်း ရေမသန့်လို့ ရေယုန်လို ယားနာတွေ ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ဖို့ အတွက် အခက်အများစုဖြစ်နေတာပေါ့လေ။ ဆန်အိတ်တွေ သယ်ယူခွင့် မပေးတာ၊ ဆီတွေ သယ်ယူခွင့် မပေးတာ၊ စားနပ်ရိက္ခာ သယ်ယူခွင့် မပေးတာ ဒါတွေလုပ်နေတယ်။ ဆေးဝါးတွေဆိုရင်လည်း ဖမ်းဆီး ခံရတယ်။ မကွေးတိုင်းကနေ ချင်းပြည်နယ် ဝင်ပေါက်တွေအားလုံးကို ပိတ်ပင်ထားတယ်”

လိုအပ်တဲ့ဆေးဝါးတွေကို ယောနယ်ဘက်တဆင့် တောလမ်းကနေ မင်းတပ်စစ်ဘေးရှောင်တွေဆီကို ပို့ဖို့ကြိုးစားပေမယ့် စစ်ကောင်စီတပ်တွေဟာ ဆေးဝါးတွေ အများအပြားရှိနေတယ်ဆိုရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တာရှိတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက ဆိုပါတယ်။

“ဘာလို့ သူတို့ ခွင့်မပြုတာလဲတော့ ကျွန်မတို့ မသိဘူး။ ပက္ကူခုဘက်က အနီးစပ်ဆုံးက ပက္ကူခုမြို့ ရှိတာပေါ့နော်။ အဲဘက်က သယ်မယ်ဆိုလည်း ဂိတ်တွေကနေ စစ်ဆေးတယ်။ ပြီးရင် သူတို့ သတ်မှတ် ထားတယ်။ ကျွန်မဆီက အနီးစပ်ဆုံး ယောနယ်ဒေသတွေက နီးတော့ ယောဒေသက ဝယ်ပြီးတော့ တောလမ်းလေးတွေကနေဖြတ်ပြီး သယ်တာတွေ လုပ်တာရှိတယ်။ သူတို့က ယောဒေသကို တစ်အိမ် ထောင်ကို မိသားစုသုံးစွဲရမယ့် ဆေးဝါးထက် ပိုများတဲ့ဆေးဝါးတွေရှိရင် အိမ်ရှင်ကို လုံးဝအရေးယူမယ်လို့ သူတို့ ထုတ်ပြန်ထားတာတွေရှိတော့ ယောနယ်ဒေသ အိမ်ရှင်တွေကလည်း ကျွန်မတို့ ဟိုဘက်ကိုသယ်ဖို့ ဆေးဝါးတွေကို သူတို့ဆီမှာ တဆင့်ထားဖို့တွေက အခက်အခဲဖြစ်နေတယ်”

တောတောင်တွေထဲကို နေရာအနှံ့ပုန်းရှောင်နေတဲ့ စစ်ရှောင်ဒေသခံတွေကို စုစည်းဖို့နဲ့ စားနပ်ရိက္ခာ ရရှိပို့ဆောင်နိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အဓိက ကျွန်တော်တို့ စပြီးပြေးတာက စကစတွေ စစ်ကြောင်းထိုးလာတော့ သူတို့ ပြေးကြတယ်။ တချို့က ကိုယ့်ရဲ့နီးစပ်ရာ ကိုယ်လုံခြုံမယ်ထင်တဲ့နေရာကို ပြေးကြတယ်။ အဲမှာ မိုးတွေလည်း ရွာနေတယ်။ တချို့ကျတော့ တောထဲမှာနေရတယ်။ တောထဲပြေးတဲ့သူတွေက အနည်းဆုံး ရာဂဏန်းလောက် ရှိတယ်။ ကျွန်တော်တို့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ စုစည်းပြီး ပြန်စုနေပါတယ်”

စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာတွေ မပို့နိုင်အောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းဆက်သွယ်လို့ မရပါဘူး။

စစ်ကောင်စီတပ်တွေကို တူမီးသေနတ်နဲ့ ရွပ်ရွပ်ချွံချွံ ခုခံတော်လှန်ခဲ့တဲ့ မင်းတပ်ဒေသကာကွယ်ရေး တပ်ဖွဲ့ CDF ဟာ လက်ရှိမှာ ထိုးစစ်ကိုရပ်နားထားပြီး ဒေသခံ စစ်ဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ CDF အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

“တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အဓိက တားကတ်ထားတာကတော့ တော်လှန်ရေးက ပြည်သူကို ကာကွယ်ဖို့ပါ။ ပြည်သူတွေ အရမ်းဒုက္ခရောက်နေတဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့ တိုက်ပွဲ ဆင်နွဲမှုက လုံးဝနောက်ဆုတ်ထားတယ်။ လောလောဆယ်တော့ တပ်ဖျောက်ထားတဲ့ အနေအထားပေါ့။ စစ်ကောင်စီဘက်နဲ့ တိုက်ခိုက်မှု လုံးဝမရှိတော့ဘူး။ စစ်ကောင်စီတပ်တွေက စိတ်ကြိုက်သွားလာ လှုပ်ရှားပိုင်ခွင့်ရှိတယ်။ သွားလာလို့လည်းရတယ်။ ကျွန်တော်တို့ဘက်က လုံးဝထိုးစစ်ဆင်မှု မရှိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူတွေက ဘယ်သွားလို့ ဘယ်လာမှန်း မသိဘူးဆိုတော့ ကျွန်တော့် လူတွေကို ကယ်ဖို့အတွက်ကိုပဲ အဓိက အာရုံစိုက် လှုပ်ရှားတာဖြစ်တဲ့အတွက် တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ လုံးဝတိုက်ခိုက်ခြင်း မရှိတော့ပါဘူး”

မင်းတပ်မြို့က ဒေသခံတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလွှားလာရတဲ့ဖြစ်တဲ့အတွက် အခုလို မိုးတွင်းကာလမှာ မိုးရေစိုရင်တောင် အဝတ်လဲလှည်စရာမရှိ ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ဒေသခံ တစ်ဦးက ဆိုပါတယ်။

“နိုင်ငံတကာရဲ့ အကူအညီ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အများကြီး လိုအပ်နေတာ ပေါ့နော်။ နေဖို့ ထိုင်ဖို့၊ တဲတွေလုပ်ဖို့ ဘာအကူအညီမှ မရဘူး၊ နောက်တစ်ခုက စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကျွန်တော်တို့ တော်တော်ကို ကြုံနေရတယ်ပေါ့။ သွားလာဖို့၊ လူနာတွေကို သယ်ဖို့ပြုဖို့အတွက် ဓာတ်ဆီ ကျွန်တော်တို့ မရှိဘူး။ အဲဒီအခက်အခဲတွေ ကျွန်တော်တို့ ကြုံရတယ်။ ကျွန်တော်တို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ မိုးရေစိုရင် လဲဖို့၊ အိပ်ဖို့ အခင်းတို့ စောင်တို့ ဒါတွေက အစ အကုန်လုံး အခြေခံလိုအပ်ချက်တွေ အားလုံးလိုအပ်နေပါတယ်”

ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေး CDF အဖွဲ့တွေအကြား တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မင်တပ်၊ ဟားခါး၊ ကန်ပလက်၊ ထန်တလန် စတဲ့မြို့တွေက ဒေသခံ ငါးသောင်းလောက် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

RFA Burmese

(ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့က စစ်ဘေးဒုက္ခသည် ကလေးတွေကို တွေ့ရစဉ်) - Photo: Chin World


ဆေးဝါးပို့ခွင့်ပိတ်ခံထားရတဲ့ မင်းတပ် ဒုက္ခသည်တွေ ရာသီတုပ်ကွေးဒဏ်ခံနေကြရ ဆေးဝါးပို့ခွင့်ပိတ်ခံထားရတဲ့ မင်းတပ် ဒုက္ခသည်တွေ ရာသီတုပ်ကွေးဒဏ်ခံနေကြရ Reviewed by THITHTOOLWIN on 03:20 Rating: 5

No comments:

Powered by Blogger.