ကျုံပျော်မှာ စစ်ကောင်စီနဲ့ ရွာသားတွေ တိုက်ပွဲဖြစ်၊ ဒေသခံ ၂၀ ဦး ထက်မနည်း သေဆုံး



ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာမှာ ဒီကနေ့ ဇွန် ၅ ရက် မနက် ၈ နာရီဝန်းကျင်ကစပြီး ဒေသခံအရပ်သားတွေနဲ့ စစ်ကောင်စီတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားဘက်က သေဆုံးသူ ၂၀ ဦးထက်မနည်း ရှိလာနေပြီလို့ ရိုက်တာနဲ့ ဒေသခံသတင်း မီဒီယာတွေက ဖော်ပြပါတယ်။

RFA က ဒီကနေ့ ညနေ ၅ နာရီထိ ဆက်သွယ်စကားပြောခဲ့တဲ့ သူတွေထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ဒေသခံ ၃ ဦး ပစ်ခတ်ခံရလို့ သေဆုံးသွားတာကို မြင်တွေ့ခဲ့ကြောင်း RFA ကို ပြောပါတယ်။

"Confirm ဖြစ်တာကတော့ ပြည်သူဘက်က သုံးယောက် ကျသွားတယ်။ လှေဆွဲကျေးရွာက တစ်ယောက်၊ အဲဒီဘေးနားက ကုန်းသာရွာက သားအဖနှစ်ယောက်၊ အဲဒီသားအဖ နှစ်ယောက်ကတော့ အလုပ်လုပ်နေတာ။ သူတို့ရမ်းပစ်တော့ ထိသွားတာ။ မနက်က လက်နက်ကြီးတွေရော၊ စက်သေနတ်တွေရော ဆွဲတာတွေရှိတယ်။ အစ်ကိုတို့ မြင်ရ ကြားရတာပေါ့။ အခုချိန်ထိ လောလောဆယ် တော့ ငြိမ်နေတယ်။ သောင်ကြီး -ဒိုက်ပျက် လမ်းကြော၊ တောက်တဲ့ရိုး နားမှာတော့ ပစ်နေတယ်"

တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေကြရလို့ သေဆုံးသွားတဲ့ အရပ်သား သုံးဦးရဲ့ နာမည်တွေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ရွာသားသေဆုံးသူ ၂၀ ယောက်အထိ ရှိလာတယ်ဆိုတဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ RFA ရဲ့ ညပိုင်းသတင်းထုတ်လွှင့်ချိန် ညနေ ၇ နာရီထိ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ဖြစ်စဉ်အနီးမှာရှိတဲ့ သတင်းအရင်းအမြစ် ၁၀ ဦးထက်မနည်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    "မနက်က လက်နက်ကြီးတွေရော၊ စက်သေနတ်တွေရော ဆွဲတာတွေရှိတယ်"

ဒေသခံတွေရဲ့ ပြောဆိုချက်အရ လှေဆွဲကျေးရွာသား တချို့ဟာ ပြည့်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ မနက်အစောပိုင်းက အင်အား အလုံးအရင်းနဲ့ ရွာအတွင်း ဝင်ရောက်ရှာဖွေဖို့ ကြိုးစားရာကနေ အခြေအနေ တင်းမာမှုတွေ စတင်ဖြစ်ပေါ် ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်က လှေဆွဲကျေးရွာကိုဝိုင်းပြီး ပိတ်ဆို့ရှာဖွေနေတယ်ဆိုတဲ့ သတင်းကြောင့် အနီးနားက ရွာသားတွေ လာရောက်ပူးပေါင်းခဲ့ပြီး အရပ်သားတွေ အင်အားများလာတဲ့နောက် ရွာထိပ်မှာပဲ အပြန်အလှန် ပစ်ခတ်မှုတွေ စတင်ခဲ့တာလို့ လှေဆွဲရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဟာ မနက် ၈ နာရီကနေ ၁၀ ရီ ခွဲအထိ ဖြစ်ပွားခဲ့တယ်လို့လည်းဆိုပါတယ်။ အဲဒီနောက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာတော့ စစ်တပ်ဘက်က နောက်ထပ်စစ်အင်အားတွေ လှေဆွဲ ကျေးရွာကို ထပ်မံရောက်ရှိလာတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီနေ့မနက်က စစ်ကောင်စီတပ်တွေနဲ့ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ဖြစ်ပွားတာမဟုတ်ဘဲ တူမီးသေနတ်ကိုင် ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တာလို့ အဲဒီတိုက်ခိုက်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကျေးရွာလုံခြုံရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဒီမနက်ကဖြစ်စဉ်ကြောင့် လှေဆွဲရွာက ဒေသခံတွေ အပါအဝင် အနီးအနားဝန်းကျင်ရွာတွေက အရပ်သား ၁၀၀၀ ကျော်ဟာ ယာခင်းတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေသူထဲပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

"ပြောင်းရွှေ့တယ်ဆိုတာကတော့ အသက်အန္တရာယ် စိုးရိမ်ရလို့ပေါ့။ ဘာကြောင့်လဲဆိုတော့ လက်နက်ကြီး တွေ ဘာတွေပစ်လို့ရှိရင် အထိအခိုက်တွေ ရှိမှာစိုးလို့ပေါ့။ ကြိုတင်ပြင်ဆင်မှုပေါ့။ ရွာပေါင်း ၄ ရွာ ၅ ရွာ လောက်တော့ ရှိမှာပေါ့ထွက်ပြေးတာ။ ၄ ရွာ ၅ ရွာဆိုတော့ လူပေါင်းထောင်ကျော်ပေါ့။ အိမ်တွေမှာတော့ ချန်ထားခဲ့တာပေါ့။ စားဖို့သောက်ဖို့လောက်ပဲ ယူသွားတာ"

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု အားကောင်းတဲ့ ရွာတစ်ခုဖြစ်ပြီး လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေနဲ့ ညသပိတ်တွေကို ပြုလုပ်ရာမှာ တက်တက်ကြွကြွပါဝင် ခဲ့တယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှာလည်း ဒီနေ့မနက် ၃ နာရီလောက်က အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် တစ်ဦး ကျဉ်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူအမျိုးသမီးငယ်ဟာ စစ်သားတွေဝင်လာချိန်ကြောက်ပြီး သူ့မောင်လေးနဲ့အတူ ဆိုင်ကယ်နဲ့ ထွက်ပြေးရာမှာ ပစ်ခတ်ခံရလို့သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အစောကြီး ၃ နာရီလောက်ဝင်လာပြီး အကုနု်လုံးဝင်စီးတယ်ပေါ့ဗျာ။ အိမ်တွေဘာတွေ တွေ့သမျှ ပစ္စည်းဖျက်ဆီးသွားတယ်။ ပြေးတဲ့သူတွေ ပြေးတယ်။ ပြေးရင်းနဲ့ပစ်တာတွေ ဘာတွေရှိတယ်။ တစ်ယောက်ကျသွားတယ်။ ပြေးရင်းနဲ့ ဆိုင်ကယ်စီးရင်းနဲ့။ ဆိုင်ကယ်နဲ့ သူ့မောင်လေးကို တင်ခေါ်ပြီးတော့ ပြေးရင်း ကျသွားတယ်။ သူ့မောင်လေးက ခုထိ လွတ်လား မလွတ်လားဆိုတာ အတည်ပြုလို့ မရသေးဘူး”

ဘန့်ဘွေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်စီးနင်းတယ်လို့ သတင်းကြားကြတဲ့အတွက် ရွာအနားက ဘန့်ဘွေး လက်ပံရွာ၊ ဘန့်ဘွေးမြောက်ရွာ၊ ဘန့်ဘွေးရွာမကြီးနဲ့ လက်ပံ စတဲ့ကျေးရွာက ဒေသခံ ၁ ထောင်လောက် ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကျေးရွာထဲကို ဘာကြောင့်ဝင်ရောက် ပစ်ခတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
kyonpyaw-villagers.jpg
(စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ လှေဆွဲရွာသားတွေကို ၂၀၂၁ ဇွန် ၅ ရက်နေ့က တွေ့ရစဉ်)

စစ်ကောင်စီတပ်တွေက နေ့လယ်လောက်အထိ ဘန့်ဘွေးရွာမှာရှိနေပြီး စစ်အင်အား ထပ်ဖြည့်တာကြောင့် ၁၅၀ လောက်ရှိနေပြီး ကံစုရွာကို သွားဖို့အတွက် ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုချိန်မှာ တောထဲတွေ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာနဲ့ ရေ မလုံလောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်း လှေဆွဲကျေးရွာကဖြစ်စဉ်နဲ့ ယင်းမာမြို့နယ် ဘန့်ဘွေးကျေးရွာက အခြေ အနေတွေနဲ့ ပတ်ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ကိစ္စအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေဘက်ကလည်း တူမီးသေနတ်တို့လို ရရာလက်နက်တွေ စွဲကိုင်ပြီး ပြန်လည်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ လတ်တလောမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။

RFA Burmese



ကျုံပျော်မှာ စစ်ကောင်စီနဲ့ ရွာသားတွေ တိုက်ပွဲဖြစ်၊ ဒေသခံ ၂၀ ဦး ထက်မနည်း သေဆုံး ကျုံပျော်မှာ စစ်ကောင်စီနဲ့ ရွာသားတွေ တိုက်ပွဲဖြစ်၊ ဒေသခံ ၂၀ ဦး ထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 00:27 Rating: 5

No comments:

Powered by Blogger.