မိုးကုတ်မှာ ဖခင်ကိုယ်စားအဖမ်းခံရသူ မိခင်နဲ့အတူပါသွားတဲ့ကလေးငယ် အချုပ်ကျနေတာ သီတင်း ၂ ပတ်ကျော်ပြီ

မိခင်ဖြစ်သူ အချုပ်ထဲရှိနေတာကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်း ဗမွန်ရွာက သပိတ်ခေါင်းဆောင်အိမ်ကို ရဲက ဝရမ်းလာကပ်ချိန် အလိုရှိသူကိုမတွေလို့ မိသားစုဝင်တွေကို ဖမ်းသွားချိန် မိခင်နဲ့အတူပါသွားတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ဟာ အခုဆို အချုပ်ထဲရောက်နေတာ သီတင်းနှစ်ပတ်ကျော်အထိရှိနေပြီဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ ၂၈ ရက်ဟာ အဲဒီကလေးငယ်ရဲ့မွေးနေ့ဖြစ်ပြီး ဒီနေ့မှာ အသက်လေးနှစ်တင်းတင်းပြည့်ပြီဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက သပိတ်ခေါင်းဆောင်ဦးစိုးဌေးကို ပုဒ်မ ၅၀၅ ကနဲ့ ဝရမ်းထုတ်ပေမဲ့ သူ့ကို မတွေ့လို့ ဖမ်းဆီးခေါ်ဆောင်ခံသွားရတဲ့ ဇနီးဖြစ်သူနဲ့ သမီးဖြစ်သူ တက္ကသိုလ်ကျောင်းသူတို့ ၂ ဦးဟာ ပုဒ်မတပ်ခံရပြီး ရဲစခန်းမှာ အချုပ်ရမန် ၂ ပတ်ယူခံထားရပါတယ်။

ဒါ့ကြောင့် မိခင်နဲ့အတူပါသွားတဲ့ လေးနှစ်အရွယ် ကလေးငယ်ဟာလည်း အတူအချုပ်ကျနေတဲ့သဘောဆောင်နေပါတယ်။

ဘာပုဒ်မတပ်တယ်ဆိုတာမသိရဘဲ ဦးစိုးဌေးရဲ့သမီးဖြစ်သူ ဒုတိယနှစ် ဥပဒေကျောင်းသူက အွန်လိုင်းပေါ်တင်တဲ့အကြောင်းအရာကြောင့် သူ့ဇနီးရော၊သမီးပါ တစ်မှုတည်း ပုဒ်မတပ်ထားတယ်ဆိုတာပဲသိရတယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိမှာ ဦးစိုးဌေးရော၊ သားဖြစ်သူနှစ်ယောက်ပါ တိမ်းရှောင်နေရတာကြောင့် ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေ ကိုယ်တိုင်သွားမတွေ့နိုင်ဖြစ်နေသလို သွားတွေ့ခွင့်ရခဲ့တဲ့ဆွေမျိုးတစ်ချို့ဟာလည်း ရမန်ချုပ်ရက်ကာလအတွင်း နောက် တစ်ကြိမ်တွေ့ဆုံခွင့် မရတော့ဘူးလို့ သိရပါတယ်။

အခုလို ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်အောင် အစောပိုင်းတုန်းက အသနားခံစာတင်ခဲ့တာမျိုးရှိပေမဲ့ သက်ဆိုင်ရာဆက်သွယ်နိုင်တဲ့ဖုန်းတွေကို ဆက်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ဘူးလို့ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး တိမ်းရှောင်နေတဲ့ ဦးစိုးဌေးရဲ့သားတစ်ဦးက အစောပိုင်းတုန်းက ပြောထားပါတယ်။

စစ်ကောင်စီဘက်က ဝရမ်းထုတ်ခံထားရသူကို မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီးတဲ့သာဓကတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးက ပြောထားဖူးပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

မိုးကုတ်မှာ ဖခင်ကိုယ်စားအဖမ်းခံရသူ မိခင်နဲ့အတူပါသွားတဲ့ကလေးငယ် အချုပ်ကျနေတာ သီတင်း ၂ ပတ်ကျော်ပြီ မိုးကုတ်မှာ ဖခင်ကိုယ်စားအဖမ်းခံရသူ မိခင်နဲ့အတူပါသွားတဲ့ကလေးငယ် အချုပ်ကျနေတာ သီတင်း ၂ ပတ်ကျော်ပြီ Reviewed by THITHTOOLWIN on 02:56 Rating: 5

No comments:

Powered by Blogger.