စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မိုးဗြဲလူငယ်တစ်ဦးသေဆုံး


ကရင်နီ-ရှမ်း နယ်စပ်ရှိ မိုးဗြဲမြို့နယ်အတွင်းမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

ယနေ့ ဇွန်လ ၂၈ရက်နေ့ ညနေပိုင်းမှာ မိုးဗြဲမြို့ကနေ ဖယ်ခုံမြို့ကိုသွားတဲ့ လမ်းမကြီးတစ်လျှောက်က ရေကာတာရွာနဲ့ ပင်သာရွာကြားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်မှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်တစ်ဦးမှာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ ဆိုင်ကယ်စီးလာတဲ့ ပြည်သူနှစ်ဦးကိုအကြောင်းမဲ့ပစ်သတ်တာ တစ်ယောက်တော့ လွတ်မြောက်သွားတယ်ပြောတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့လူငယ်တစ်ဦးမှာ အသက် ၁၈နှစ်ဝန်းကျင်သာရှိသေးတယ်လို့ သိရပါတယ်။

မိုးဗြဲမြို့နယ်မှာ ဇွန်လ ဒုတိယပတ်မှာစပြီး  အဖွဲ့အစည်းအချို့က ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားတော့ပေမယ့် ရက် ၂၀ကျော်အကြာမှာ ပထမဆုံး အရပ်သားကို ပစ်ခတ်မှုပြန်လည် ဖြစ်ပွားတာ ဖြစ်ပါတယ်။

ဇွန်လ ဒုတိယပတ်မှစပြီး ယာယီအပစ်ခတ်ရပ်ဆိုင်းထားပြီးတဲ့နောက်မှာ စစ်ဘေးရှောင်ပြည်သူအချို့ မိမိနေရပ်ကိုပြန်လာတဲ့အချိန်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေလည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးဗြဲမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူအချို့ရဲ့ နေအိမ်ပျက်ဆီးခံရသလို နေအိမ်နဲ့ကုန်ဆုံဆိုင်အချို့လည်း မွှေနှောက်ရှာဖွေမှုကြောင့် ပျက်စီးမှုအများအပြားရှိခဲ့ပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မိုးဗြဲလူငယ်တစ်ဦးသေဆုံး စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် မိုးဗြဲလူငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 19:09 Rating: 5

No comments:

Powered by Blogger.