အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး


June 7, 2021/ Kachin News Group

ပူတာအိုမြို့နယ် ဖတ်မာ (Hpak Ma Mare) ကျေးရွာတွင် အရှိန်ဖြင့်မောင်းလာသော အာဏာသိမ်းစစ်တပ်ယာဉ်တန်းက ပြည်သူတစ်ဦးကို ကားဖြင့်တိုက်ခဲ့သောကြောင့် ခြေကျိုးသည်အထိ ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ဇွန်လ ၅ရက်နေ့ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုရှိ အုပ်ချုပ်မှူးများနှင့် ဆယ်အိမ်မှူး ၁၇ ယောက်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ပူတာအိုဘက်သို့ ကားဖြင့်ခေါ်လာစဉ် အဆိုပါယာဉ်တန်းက ဖတ်မာကျေးရွာတွင်နေထိုင်သည့် အသက် ၅၀ အရွယ် ဦး Tsam La ကို တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“စစ်သားတွေမောင်းလာတဲ့ကားက ကျနော်တို့ရွာက ဦးလေးတစ်ယောက်ကို ဝင်တိုက်ထားတယ်။ သူတို့ကလှည့်တောင် မကြည့်ကြဘူး။ အဲ့ ဦးလေးက တိုက်ခံရတဲ့နေရာမှာ မှောက်လှဲသွားပြီး ခြေထောက်တစ်ဖက်ကျိုးသွားတယ်။ တာဝန်ယူတာလည်း မရှိဘူး” ဟု ပြောဆိုသည်။

ဒဏ်ရာပြင်းထန်ခဲ့သည့် ဦး Tsam La ကို ဖတ်မာကျေးရွာတွင် ဆေးကုသရန်ခက်ခဲသောကြောင့် မိသားစုဝင်များက ဆွမ်ပီယန်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားပြီး တိုင်းရင်းဆေး ကုသနေရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဆွမ်ပရာဘွမ်နှင့် ပူတာအို လမ်းမပေါ်ရှိ ပြည်သူများကို ဖမ်းဆီးပြီး ၎င်းတို့၏ စစ်ယာဉ်တန်းလုံခြုံရေးအတွက် လူသားဒိုင်းအဖြစ် ခေါ်ဆောင်မှုများပြုလုပ်နေကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး Reviewed by THITHTOOLWIN on 18:03 Rating: 5

No comments:

Powered by Blogger.