မန္တလေးပြည်သူကိုအားပေးတဲ့ ရန်ကုန်ဆန္ဒပြမှု

မန္တလေးတိုက်ခိုက်မှု အပြီး ပေါ် ပေါက်လာတဲ့ စမ်းချောင်းမြို့နယ်ထဲက ဆန္ဒပြပွဲ (ဓာတ်ပုံ - CJ)

မန္တလေးမြို့မှာ စစ်တပ်က အိမ်တအိမ်ကို စီးနင်းရှာဖွေစဉ် ဒီနေ့ မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့သတင်း ရန်ကုန်မြို့ကို ပျံ့နှံ့ရောက်ရှိခဲ့ပြီးနောက် ရန်ကုန်က ဆန္ဒပြလူငယ်တွေက မန္တလေးကို အားပေးတဲ့ ကြွေးကြော်သံတွေ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း စတဲ့မြို့နယ်တွေ စုပေါင်းပြီး ‘အားတင်းထားပါ မန္တလေးရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်’ ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ချ လမ်းမတော်မြို့နယ်၊ ညောင်ပင်လေး စျေးလမ်းမှာ နေ့လည်ပိုင်းက ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

"ကျ နော်တို့ ခု မန္တလေးမှာ ဖြစ်နေတဲ့ ကိစ္စအတွက် မန္တလေးသားတွေကို အားပေးတဲ့ အနေနဲ့ ကျွန်တော်တို့ စုပေါင်းသပိတ်ကို ထွက်ပေးလိုက်တာပါ။ ကျွန်တော်တို့ မဂ်လာတောင်ညွန့်မြို့နယ်ရယ်၊ ကြည့်မြင်တိုင်ရယ်၊ မြေနီကုန်းရယ် ပေါင်းပြီးတော့ ထွက်တာပါ။ အင်အား ၂၀၀ နီးပါးပါပါတယ်ဗျ။ ၁၂ နာရီ အတိမှာ ထွက်တယ်ဗျ။ ရန်ကုန်မှာ လုံခြုံရေး အခြေအနေကတော့ နေရာတော်တော်များများ မှာ တင်းကြပ်ထားတယ်ဗျ။ အဲ့နေရာမှာကတော့ လောလောလတ်လတ်အခြေအနေ ရှင်းနေလို့ သပိတ်စစ်ကြောင်းထွက်လိုက်တာဗျ။ အစကတည်းက စီစဉ်ထားပြီးသားလည်း ဖြစ်တယ်၊ စာသားတွေကိုတော့ ပြောင်းလိုက်တယ်ဗျ။ ကျွန်တော်တို့ စာသားတွေ ပြောင်းပြီးတော့ မန္တလေးအတွက် ဆုတောင်းပေးတဲ့ အနေနဲ့ ထွက်လိုက်ကြတာဗျ။”

မန္တလေးမြို့မှာလည်း ပုံမှန်ချီတက်ဆန္ဒပြကြတဲ့ ဆန္ဒပြစစ်ကြောင်းတွေကလည်း မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ပစ်ခတ် ပေါက်ကွဲမှုတွေ ဖြစ်တဲ့ နေရာနဲ့ ဝေးတဲ့ လုံခြုံရေး သိပ်မရှိတဲ့နေရာတွေမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“မနက် အစောဆုံးမှာတော့ မန္တလေး မဟာမိတ်တပ်ပေါင်းစု အနေနဲ့ သပိတ်ကြောင်းထွက်ခဲ့ပါတယ်။ အဲ့လိုပဲ တပ်ပေါင်းစုထွက်သလို အောင်မြေသာဇံမြို့နယ်က ကျောင်းပေါင်းစုံ စုပေါင်းသပိတ်လည်း ထွက်တယ်ခင်ဗျ၊ မန္တလေး တက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်လည်း ထွက်ပါတယ်ခင်ဗျ။ ဒါက ပစ်ခတ်ခါနီး အချိန်မှာ ဖြစ်သွားတဲ့ မန္တလေး သပိတ်တွေပါ။ ဗုံးပေါက်ကွဲမှုတွေကလည်း မန္တလေးရဲ့ နေရာ အနှံ့မှာဖြစ်နေတယ်။ ပြည်သူဖက်ကလည်း ငြိမ်းချမ်းစွာ ဘယ်လိုတုန့်ပြန်လဲဆိုတောတော့ ကျွန်တော်တို့လဲ ပြေးရင်းလွားရင်းနဲ့ပဲ မန္တလေးကတော့ တော်တော်လေးကို ရှုပ်ထွေးနေတယ်ဗျ အခြေအနေကတော့။”

နေ့လည်ပိုင်းမှာတော့ သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းက လမ်းမပေါ်ထွက်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သံဃာ့ သမဂ္ဂသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ သံဃာတော်တစ်ပါး က မိန့်ပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကိုလည်း အာရုံလွဲလို့ရအောင်ဆိုပြီး ဒီနေ့ နေ့ခင်းဖက်မှာ စောပြီးတော့မှ ထွက်လိုက်တယ်။ ဒါကလည်း အခက်အခဲတွေကတော့ အများကြီးပေါ့နှော်။ အခက်အခဲဆိုတဲ့ နေရာမှာ လုံခြုံရေးတွေက အရမ်းတင်းကြပ် နေတဲ့ခါကျတော့ ဦးဇင်းတို့က မိန်းလမ်းမတွေမဟုတ်တာမျိုးပေါ့၊ တခြားအဆင်ပြေတဲ့ နေရာကနေပြီးတော့မှ လုံခြုံရေးအရ ဦးဇင်းတို့လုပ်ဖြစ်တာပေါ့။ လုံခြုံရေးကတော့ ဒီနေ့ကတော့ လုံးဝကို တင်းတင်းကြပ်ကြပ်ဖြစ်တယ်။ ဦးဇင်းတို့ လမ်းလျှောက်တာတောင်မှ အရှည်ကြီးမသွားနိုင်ဘူး။ တစ်ပြလောက်ပဲ ဦးဇင်းတို့ သွားနိုင်တာပေါ့။”

လောလောဆယ် မန္တလေးမြို့မှာ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့အတွက် နောက်နေ့တွေကျရင်တော့ လုံခြံုရေးအခြေအနေပေါ်မူတည် လမ်းပေါ်ထွက် ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။ ဒီကနေ့မှာပဲ ကလေး၊ မုံရွာ၊ ထားဝယ်၊ လောင်းလုံ၊ ဖားကန့် စတဲ့ဒေသတွေမှာ ချီတက်ဆန္ဒပြကြသလို ယင်းမာပင်၊ ဆားလင်းကြီးဒေသတွေမှာလည်း လူရာချီ ချီတက်ဆန္ဒပြကြခဲ့ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/anti-coup-protests-in-Yangon-to-support-Mandalay-attacks-/5938128.html

မန္တလေးပြည်သူကိုအားပေးတဲ့ ရန်ကုန်ဆန္ဒပြမှု မန္တလေးပြည်သူကိုအားပေးတဲ့ ရန်ကုန်ဆန္ဒပြမှု Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.