ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု တရားလိုစတင်စစ်ဆေး

စစ်အာဏာသိမ်း ဆန့်ကျင်သူများ ဒေါ် အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုစဉ် ( ဓာတ်ပုံ- AFP)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေထဲက ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ အမှု ၂ ခုစစ်ဆေးပါတယ်။ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ တတွဲထဲအမှုဖြစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ တခါ အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု၊ ဒီအမှု ၂ ခုကို စစ်ဆေးတာပါ။ နေပြည်တော်က သီးသန့်တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်အမှုတွေကို ဒုတိယမြောက်နေ့အဖြစ် စစ်ဆေးတဲ့ အကြောင်း ရန်ကုန်ကလာတဲ့သတင်း ကို မခင်ဖြူထွေးပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ထဲက ရိုးရှင်းတဲ့အမှုတွေအတွက် အမှုတခုစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပြီးနောက် ဒီနေ့မှာ ဒုတိယနေ့အဖြစ် နေပြည်တော်က သီးသန့်တရားရုံးမှာ ဆက်လက်စစ်ဆေးပါတယ်။ ဒီကနေ့မှာတော့ ဒုတိယမြောက်အနေနဲ့ ထပ်မံစစ်ဆေး မှုတွေ လုပ်တာ ဖြစ်ပြီး ဒီနေ့မှာတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ကိုချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေ ပုဒ်မ ၅၀၅(ခ) ချိုးဖောက်မှု တို့ကိုဒီကနေ့မှာစစ်ဆေး ခဲ့တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရှေ့နေဒေါ်စန်းမာလာညွှန့်က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ ၅၀၅(ခ) အမှုအတွက် တရားလိုဘက်က သက်သေတင်သွင်းတာကို သူတို့ဖက်က ကန့်ကွက်ခဲ့တယ်လို့ ရှေ့နေဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။

"ဒီကနေ့ ၅၀၅(ခ) ကတော့ တရားလိုကိုစစ်တယ်။ တရားလိုစစ်ပြီးသူတို့သက်သေခံသွင်းတာကို ကျမတို့ဘက်က ကန့်ကွက်လို့ လာမယ့် ရုံးချိန်း ၂ဖက်လျှောက်လွှဲချက် တင်မယ်။ အမှုမှာသူတို့ဘက်ကတင်ရင် အမတို့ဘက်ကကန့်ကွက်ပိုင်ခွင့်ရှိတယ်။ သူတို့ဘက်က သက်သေခံသွင်းရင်ပေါ့.။ အမတို့ဘက်ကတင်ရင်လည်း သူတို့ ကန့်ကွက်ပိုင်ခွင့်ရှိတယ်လေ။ ကန့်ကွက်လို့ရလို့ အမတို့သူတို့တင်တာကိုကန့်ကွက်တယ်။ အဲအပေါ်လာမယ့်ရုံးချိန်း ၂ဖက်လျှောက်လဲချက်ပြောမယ်။ ညီမတို့ကိုတော့ လျှောက်လဲချက်ပေးပြီးမှ ဘယ်လိုဆိုတာပြောချင်ပါတယ်။ နောက်ပုဒ်မ ၂၅ ကတော့ သဘာဝဘေးကတော့ တရားလိုကိုစစ်တာပြီးသွားပြီ။ လာမယ့်ရုံးချိန်းတရားလိုကိုပြန်လှန်မေး ရမှာပေါ့"။

ဒီကနေ့ စစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ချိုးဖောက်မှုကိုတော့ တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီဆိုသူက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အများပြည်သူတည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ပေါင်းကိုတော့ အထွေထွေ အုပ်ချုပ်ရေးဌာနက ဦးစိုးစိုးရွှေက အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို စတင်စစ်ဆေးတဲ့ မနေ့က ဇွန် ၁၄ ရက်နေ့ကတော့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှု ၂ ခု၊ ထုတ်ကုန်သွင်းကုန်ဥပဒေနဲ့ စွဲဆိုခံရထားတဲ့ အမှု၊ ဆက်သွယ်ရေး ဥပဒေနဲ့ စွဲဆိုခံထားရတဲ့ အမှု၊ စုစုပေါင်း အမှု ၄ ခုစစ်ခဲ့ပါတယ်။ ဒီနေ့အမှု မကြားနာခင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဦးမျိုးအောင်တို့နဲ့ ရှေ့နေတွေ သီးခြားတွေ့ခွင့်ရခဲ့တယ်လို့ ဒေါ်စန်းမာလာညွှန့်ကပြောပါတယ်။

"မနေ့ကအမှုနဲ့ ဒီကနေ့အမှုကိစ္စပြောနေတာနဲ့ အန်တီဘက်ကထူးထူးထွေထွေမှာကြားတာတော့မရှိပါဘူး။ ဒီကနေ့မှာ ၃ယောက်အမှုဆိုတော့ အန်တီတို့ ၃ယောက်နဲ့ ကျမတို့ ရှေ့နေတွေနဲ့တော်တော်ကြာကြာတွေ့ရပါတယ်။"

လာမယ့် သီတင်းပတ် ဇွန် ၂၁ နဲ့ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ထပ် ရုံးချိန်းရှိပါတယ်။ အဲဒီအခါ အပြန်အလှန် လေ ျှာက်လဲဖို့ ရှိတာတွေနဲ့ပါတ်သက်လို့ ရှေ့နေ ဒေါ်စန်းမာလာညွှန့်က အခုလိုရှင်းပြပါတယ်။

"မနေ့က အမှုတွေကတော့ သူတို့ဘက်က တရားလိုတွေ စစ်ပြီးတာမို့ လာမယ့် အပတ်မှာ သူတို့ဘက်က သက်သေတွေစစစ်မယ်။ အခု ဒီနေ့ ၅၀၅(ခ) အမှုကတော့ တရားလိုကိုစစ်နေရင်းနဲ့ သူတို့သက်သေခံကို အမတို့ကန့်ကွက် လို့ ၂ ဖက်လျှောက်လဲမယ် လာမယ့်ရုံးချိန်းကျရင်။ ဒီနေ့ စစ်တဲ့ ပုဒ်မ ၂၅ တမှုကတော့ တရားလိုကိုတော့ စစ်ပြီးတယ် အမတို့ဘက်က အဲတရားလိုကိုပြန်လှန်မေးခွန်းမေးရမယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ အစိုးရလျှို့ဝှက် ချက်ပေါက် ကြားမှုဥပဒေပုဒ်မ ၃ (၁) (ဂ)၊ ပို့ကုန်သွင်းကုန်ဥပဒပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လှုံဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)၊ တို့ အပြင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စုစုပေါင်း ၇ မှုနဲ့ တရားစွဲခံထားရပါတယ်။ ရန်ကုန်မှာ တရားစွဲခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက် ကြားမှု ဥပဒေပုဒ်မ ၃(၁) (ဂ)ကို နေပြည်တော်မှာ ရုံးပြောင်း စစ်ဆေးခွင့်ရမရ ကြားနာမှုကိုလည်း နေပြည်တော်တရားလွှတ်တော်ချုပ်မှာ လာမယ့် သီတင်းပတ်အတွင်း ဇွန်လ ၂၃ ရက်နေ့မှာပြုလုပ်ဖို့ ရှိနေပါတယ်။ 

ခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/ousted-leader-aung-san-su-kyi-trial-two-cases-nay-pyi-daw-court-/5929504.html

ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု တရားလိုစတင်စစ်ဆေး ဒေါ်အောင်ဆန်းစုကြည် ၅၀၅(ခ)အမှု တရားလိုစတင်စစ်ဆေး Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.