လေးလကျော်အတွင်း ကလေးနှစ်ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၆၄ ယောက်ရှိ


စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လ ၂၁ ရက်နေ့အထိ လေးလကျော်အတွင်း စစ်ကောင်စီကနေ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံထားရသူ ၆၄ ယောက် ရှိနေပါပြီ။

“မေကြီး နေကောင်းအောင်နေပါနော်။ ပါကြီးကိုလည်း ဂရုစိုက်နော်။ ပိုက်ဆံတွေ အရမ်းအကုန်မခံပါနဲ့။ မေကြီးနဲ့ ပါကြီးလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေပြီ။ သားအဆင်ပြေပါတယ်။ သားတို့အကြောင်း TV ထဲပါတယ်ဆိုတာ ဘယ်လိုမျိုးကြီးလဲ မေကြီး၊ သားကို လူသတ်တဲ့အထဲ ပါတယ်ပြောထားတယ်။ ဒီမှာ တရားခံဖြစ်နေတယ်။ သား မသတ်ဘဲနဲ့ဖြစ်နေတယ်။ ဒါပေမဲ့ အမှန်တရားက အမြဲနိုင်မှာပါ။ သားလွယ် လွယ်နဲ့ စိတ်ဓာတ်မကျပါဘူး။ အားတင်းထားမယ် မေကြီး။ သားပြန်ထွက်လာရင် ဘုန်းကြီးတစ်လလောက် ဝတ်မယ် မေကြီး။ မေကြီးတို့ကို စိတ်ညစ်အောင်လုပ်မိလို့ သားဒီလိုဖြစ်တာနေမှာ ပြန်ထွက်လာရင် သားလိမ်လိမ်မာမာနေပါ့မယ်။ ကတိပေးပါတယ်”

ဒါကတော့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၅၆ လမ်းဆုံမှာ လူသတ်မီးရှို့မှုစွပ်စွဲချက်နဲ့ သံလျင်လူငယ် သင်တန်းကျောင်းကနေ သေဒဏ်အမှုရင်ဆိုင်နေရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ငြိမ်းကျော်သိန်း က သူ့မိခင်ဆီ ရေးလိုက်တဲ့စာထဲက ကောက်နှုတ်ချက်ဖြစ်ပါတယ်။

မောင်ငြိမ်းကျော်သိန်းဟာ ဆယ်တန်းဖြေဖို့ ကျူရှင်တက်ရင်း အဖော်တွေနဲ့အတူ ဆန္ဒပြပွဲလိုက်သွားရာကနေ လူသတ်မှု စာရင်းထဲပါသွားခဲ့တာပါ။

မတ်လ ၂၉ ရက်နေ့က တောင်ဒဂုံ ၅၆ လမ်းဆုံမှာ မီးရှို့ပြီး လူတစ်ယောက် အသတ်ခံထားရတာကို မောင်ငြိမ်း ကျော်သိန်းရဲ့ မိခင်က သွားကြည့်ခဲ့ပါသေးတယ်။ ဧပြီ ၁၇ ရက်မှာတော့ သူ့သားကို ဒီလူသတ်မှုမှာ ပါတယ် ဆိုပြီး စစ်ကောင်စီတပ်တွေက လာဖမ်းခဲ့ကြတာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

လူသတ်မှုဖြစ်တဲ့ညမှာ သူ့သားက ဆန္ဒပြတဲ့အထဲပါလို့ ရှောင်ပုန်းနေရပြီး မိခင်ဖြစ်သူနဲ့ ဖုန်းအဆက်အသွယ် မပြတ်ခဲ့ဘူးလို့ မောင်ငြိမ်းကျော်သိန်းရဲ့ မိခင်က RFA ကို ပြောပါတယ်။

“ကြားတယ်။ လူသတ်တဲ့အမှု ဖြစ်တယ်ဆိုလို့ ကျမတို့တောင် သွားကြည့်လိုက်သေးတယ်။ မီးရှို့ထား တာတွေ ဘာတွေသွားကြည့်တာ။ ဘယ်သူသတ်တယ်ဆိုတာ မသိဘူးလေ။ အခုကျမှသာ သူတို့ လာ ဖမ်းတာဆိုတော့ ကျမတို့က အံ့ဩနေတာ။ အဲဒါနဲ့သားလေး သားပါလား လုပ်မိလားမေးတာ၊ သားမပါဘူး သိတောင်မသိဘူးတဲ့။ အဲနေ့က ပစ်တာခတ်တာတွေ များလို့တောင် ကလေးတွေ ပုန်းပြီးအိပ်ရတယ်လေ။ ကျမနဲ့က ဖုန်းအဆက်သွယ်ရှိတယ်။ သားဘယ်မှာလဲဆိုတော့ သားတို့ပုန်းနေရတယ်တဲ့ အဲလိုပြောတယ်။ ၅၆ ရပ်ကွက်ကို လောင်ချာတွေနဲ့ ပစ်တဲ့နေ့က”

မောင်ငြိမ်းကျော်သိန်းနဲ့အတူ တောင်ဒဂုံ လူသတ်မှုကြောင့် သံလျင်လူငယ်သင်တန်းကျောင်းမှာရှိနေတဲ့ အသက် ၁၅ နှစ်အရွယ် မောင်မင်းသူ ကတော့ ၇ တန်းတက်ရမယ့်သူပါ။ ဒီလူသတ်မှုမှာ သူမပါခဲ့ပေမဲ့ သူ့ယောက်ဖကို စစ်တပ်က သူ့ကိုယ်စားဖမ်းသွားတယ်၊ စစ်ဆေးဖို့ခေါ်သွားတယ်လို့ သတင်းကြားတာကြောင့် မောင်မင်းသူက အဖမ်းခံလိုက်တာလို့ အစ်မဖြစ်သူက RFA ကို ပြောပါတယ်။

“ကျမကမေးတော့ ကျမမောင်လေးက အဲထဲမှာ သူမပါဘူးတဲ့။ ကျမယောက်ျားကို ရဲတွေဖမ်းသွားတယ်လို့ တစ်ယောက်ကပြောလို့ အဖမ်းခံလိုက်လို့ပြောလို့ အဖမ်းခံလိုက်တာတဲ့။ ကျမမောင်လေးက အဲလောက် ဆိုးဝါးတဲ့သူလည်း မဟုတ်ပါဘူး။ လိမ္မာပါတယ်။ အခုဆို သူကျောင်းတက်ရမယ့်ဟာကို ကျောင်းတောင် မတက်ရဘူး။ ဒီနှစ် ၇ တန်းတက်မှာ။ သူကကျောင်းတက်ချင်တယ်တဲ့။ အစပိုင်းမှာတော့ အရိုက်နှက်ခံ ရပေမယ့် အခုတော့ အရိုက်မခံရဘူး။ အထဲမှာတော့ ကလေးအချင်းချင်း အနိုင်ကျင့်ခံရတယ်တဲ့”

ဒဂုံမြို့သစ်တောင်ပိုင်း ၅၆ ရပ်ကွက်မှာနေတဲ့ ဦးဇော်မင်းကို မတ် ၂၉ ညက ဓားနဲ့ခုတ်၊ မီးပုံထဲကို ပစ်ထည့်ပြီး လူသတ်မှုကျူးလွန်သူ ၁၈ ယောက်ကို သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း စစ်တပ်ပိုင် မြဝတီရုပ်သံကနေ မေ ၂၅ ရက်မှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။

အဲဒီအထဲမှာ အသက် ၁၇ နှစ်အရွယ် ငြိမ်းကျော်သိန်းနဲ့ အသက် ၁၅ နှစ်အရွယ် မင်းသူတို့က အသက်မပြည့် သေးတာကြောင့် ကလေးသူငယ်တရားရုံးကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ ပါတယ်။

    "သားလွယ်လွယ်နဲ့ စိတ်ဓာတ်မကျပါဘူး။ အားတင်းထားမယ် မေကြီး"

တောင်ဒဂုံအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တစ်အိမ်တည်းကနေ သားလေးယောက်လုံး သေဒဏ်ချမှတ်ခံထား ရတဲ့ မိသားစုတစ်စုလည်း ရှိနေပါတယ်။ တစ်မိသားစုတည်းကနေ သေဒဏ်ချမှတ်ခံထားရသူ လေးယောက် ကတော့ မောင်ခိုင်မြဲ ခေါ် သော်ဇင်နိုင်၊ မောင်နိုင်နိုင်း ခေါ် ရွှေငါး၊ မောင်အောင်မျိုးလင်း ခေါ် ကြက်ဖနဲ့ မောင်စိုးပြည်အောင် ခေါ် အောင်အောင် တို့ ဖြစ်ပါတယ်။

သူ့သားတွေဟာ အဲဒီ မတ်လ ၂၉ ရက်ညက လမ်းလုံခြုံရေးကင်းကျပြီး လူသတ်မှုဖြစ်တဲ့နေရာကို သွား ကြည့်ခဲ့တာပဲ ရှိတဲ့အကြောင်း၊ သူ့သားတွေကို လာဖမ်းတုန်းက အိမ်မှာရှိတဲ့ လူအကုန်လုံးကို သေနတ်တွေ နဲ့ချိန်ထားပြီး ဘာမှပြောခွင့်မပေးခဲ့ဘဲ သား လေးယာက်လုံးကို လက်ထိပ်ခတ် ဖမ်းခေါ်သွားတဲ့ မြင်ကွင်းဟာ မိခင်တစ်ယောက် အနေနဲ့ ဘယ်လိုမှ မမေ့ပျောက်နိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။

“အဲအချိန်မှာ ဘယ်လိုမှ မပြောပြတတ်အောင် ခံစားရတာပေါ့။ ကိုယ့်သားသမီး လေးယောက် ကိုယ့်ရှေ့မှာ အဲလိုမျိုး လက်ထိပ်တွေနဲ့ ခေါ်သွားပြီးတော့ ကားပေါ်ကို တင်သွားတဲ့ အချိန်နောက်ပိုင်းမှာ ဘာဖြစ်သလဲ ဆိုတာ အန်တီတို့လည်း မမြင်ရဘူးလေ။ အန်တီ့သားတွေ အန်တီမျက်စိရှေ့အောက် ပြန်မရောက်လာဘဲ ဒီသေဒဏ်ကြီး ဆိုတာက ဘယ်လိုလုပ် ခံစားရမလဲ။ နောက်ဆုံးမဟုတ်ရင်တောင် ထောင်ကျသွားရင် တနေ့နေ့တော့ ပြန်ရောက်လာမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ မိဘတစ်ယောက်ရင်ထဲမှာ မျှော်လို့ရ သေးတယ်လေ။ အခုတော့ အန်တီ့သားတွေကို ဘယ်သူက ကယ်မလဲ။ ဘယ်သူကကူမလဲနဲ့ ဘုရားမှာပဲ ညတိုင်းရှိခိုးနေရတယ်။ တကယ်လို့ သူတို့လုပ်လို့ သူတို့ ပြစ်ဒဏ် သူတို့ခံရတယ်ဆို ခံသာသေးတယ်။ အန်တီ့သားတွေက ပါလည်းမပါဘဲနဲ့ အခုလို သေဒဏ်ဆိုတော့ ဘယ်လိုမှ မဖြေနိုင်ဘူး“

တောင်ဒဂုံလူသတ်မှုကြောင့် သေဒဏ်ချမှတ်ခံရသူ ၁၈ ယောက်ထဲမှာ ၁၁ ယောက်က အဖမ်းခံထားရပြီး ကျန် ခုနစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတာကြောင့် မျက်ကွယ်သေဒဏ် ချမှတ်ခံထားရပါတယ်။

မြောက်ဥက္ကလာမှာ စစ်သားနှစ်ဦး အသတ်ခံရမှုကြောင့် သေဒဏ်ချမှတ်ခံရပြီးတဲ့နောက် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ပြောင်းလဲခံရတယ်လို့ သတင်းထွက်နေတဲ့ ကိုဘိုဘိုသူရဲ့ မိခင်ကလည်း သားဖြစ်သူ ပြစ်ဒဏ်လျှော့ ပေါ့ရေးအတွက် နေ့တိုင်း ဆုတောင်းနေရတယ်လို့ ပြောပါတယ်။

“နှစ်ဆန်းတစ်ရက်နေ့တုန်းက မပါဘူးတဲ့။ အိပ်လို့ကို မရဘူး။ သူ့အဖေကိုတောင် မပြောပြဘူး။ အန်တီဘာသာ တစ်ယောက်တည်း ကြိတ်ခံစားနေလိုက်တော့တယ်။ သေဒဏ်ကနေ လွတ်သွားရင် တော်ပါသေးတယ်ဆိုပြီး တွေးမိတာပေါ့လေ။ ငါ့သားလေး သေဒဏ်ထဲ မပါပါစေနဲ့ လွတ်မြောက်ပါစေလို့ ဆုတောင်းမိပါတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ အကျဉ်းသားထဲ အကုန်ကျသွားတဲ့သူတွေကိုရော ဆုတောင်းပေးတာ“

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ လူသတ်မှုနဲ့ စွပ်စွဲခံရသူတွေအတွက် ရှေ့နေလိုက်ခွင့် မရကြတာကြောင့် ခုခံချေပခွင့် ဆုံးရှုံးနေကြရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။

သေဒဏ်ကျခံရသူတွေအတွက် ၁၅ ရက်အတွင်း အမှုပြင်ဆင်ခွင့် တစ်ကြိမ်ရှိပါတယ်။ အဲဒီပြင်ဆင်မှုကိုလည်း ရှေ့နေတွေကနေ တင်ခွင့်မရဘဲ ထောင်တွင်းသက်ဆိုင်ရာ အရာရှိတွေကသာ တင်နေတာကြောင့် ဘယ်လိုရေး မလဲဆိုတာကို မသိနိုင်ဘူးလို့ အဖမ်းဆီးခံရသူတွေအတွက် လိုက်ပါကူညီပေးနေတဲ့ လုံခြုံရေးအရ အမည် မဖော်လိုသူ ရှေ့နေတစ်ယောက်က RFA ကို ပြောပါတယ်။

“ထောင်အာဏာပိုင်တွေက တာဝန်ပေးထားသူတွေက သူတို့ကို သွားမေးတယ်။ ကာယကံရှင်တွေပေါ့နော်။ သူတို့ရဲ့ ပြောပြချက်တွေအရ ပြင်ဆင်မှုကို တင်လို့ရတယ်။ တောက်လျှောက်ကတော့ သူတို့ပဲ တင်ရတယ်။ မာရှယ်လောနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေက ဘယ်လိုဘယ်လိုပြင်သလဲ ကျနော်တို့လည်း မသိဘူးလေ။ ကျနော်တို့ဆီလည်း အယူခံလွှာတွေ ပြင်ဆင်လွှာတွေ ရောက်မလာတဲ့အခါကျတော့ သူတို့ရေးတာက ဘယ်လိုရေးတာလဲ၊ ဘယ်လိုဥပဒေနဲ့အညီ ရေးတာလဲ ကျနော်လည်း မပြောတတ်ဘူး“

အာဏာသိမ်းနောက်ဆက်တွဲ အဖြစ်အပျက်တွေနဲ့ ဆက်စပ်ဖမ်းဆီးပြီးမှ စစ်ခုံရုံးကနေ အချိန်တိုအတွင်း သေဒဏ်ပေးတာဟာ ပြည်သူတွေအပေါ် အငြှိုးထားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ AAPP အသင်း တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

“အငြှိုးတကြီးနဲ့ သေဒဏ်ဆိုတဲ့ ပြစ်ဒဏ်တွေချတာ။ အဓိကကတော့ သူတို့အာဏာသိမ်းတဲ့ကိစ္စ ပြည်သူက မထောက်ခံဘူး။ မထောက်ခံတော့ ပြည်သူတွေက ရတဲ့နည်းလမ်းနဲ့ ဆန့်ကျင်ကြတယ်။ လက်နက်နဲ့ မတရား ဖမ်းဆီးရိုက်နှက်တာတွေ ဖြစ်လာတဲ့အခါမှာ ပြည်သူတွေလည်း ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ကို ရတဲ့နည်းတွေနဲ့ ပြန်ခုခံတော့ အထိနာလာတဲ့အခါ အဲဒီအပေါ်မှာ အငြှိုးတကြီးနဲ့ အခုလို လုပ်တယ်လို့ ယူဆတယ်“

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ပြစ်မှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်လေ့ရှိပေမယ့် ၁၉၉၈ နောက်ပိုင်းကစပြီး လက်တွေ့ကွက်မျက် အပြစ်ပေးတာမျိုး လုပ်လေ့မရှိပါဘူး။ NLD အစိုးရလက်ထက်မှာ သေဒဏ်ကို တရားဝင်ဆိုင်းငံ့ဖို့အတွက် အစိုးရအဖွဲ့ တာဝန်ရှိသူအချို့နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဆွေးနွေးခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ကို လက်တွေ့မစီရင်တာ ကြာခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ စိတ်ပူစရာ ဖြစ်နေတယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ Fortify Rights အဖွဲ့က နစ်ကီဒိုင်းမွန်းက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ သေဒဏ်ဆိုပေမယ့် အခုနောက်ပိုင်း သေဒဏ်ကို တစ်သက်တစ်ကျွန်း ပုံစံမျိုးပြောင်းပြီး ပေးတာမျိုးရှိတယ်။ စစ်ကောင်စီ လက်ထက်မှာတော့ သေဒဏ်ကို ကွက်မျက်မလားဆိုတဲ့ စိုးရိမ်မှုမျိုးတော့ ရှိနေတယ်ပေါ့နော်။ စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေကို ကြောက်ရွံ့သွားပြီးတော့ နောက်ဆုတ် သွားအောင် ကြိုးစားတဲ့ လုပ်ဆောင်ချက်ဖြစ်တာပေါ့။ ဒီလုပ်ရက်တွေကို သူတို့က နောက်ဆုတ်မှာ မဟုတ်ဘူး ဆက်ပြီးတော့ ကျူးလွန်နေမယ် နောက်ပြန်ဆုတ်လို့မရတဲ့ အမှားတွေပဲ ဆက်ကျူးလွန်နေမှာ ဖြစ်တဲ့အတွက် သေချာတယ်၊ ကျူးလွန်သူတွေက တချိန်ချိန်မှာ အပြစ်ပေး အရေးယူခံရမှာဖြစ်တယ်“

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ RFA ကနေ သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေရ စစ်အာဏာသိမ်းပြီးနောက် လေးလကျော်အတွင်း သေဒဏ်ချမှတ်ခံထားရသူတွေကတော့ မြောက်ဥက္ကလာက အယောက် ၂၀၊ တောင်ဒဂုံမြို့နယ်မှာ ၁၈ ယောက်၊ ရွှေပြည်သာမှာ ငါးယောက်၊ လှိုင်သာ ယာက ခုနစ်ယောက်နဲ့ အခုနောက်ဆုံး ဇွန်လ ၂၁ ရက်နေ့ကမှ သေဒဏ်အချခံလိုက်ရတဲ့ ရန်ကုန်၊ ရွှေပေါက္ကံမြို့သစ်က ၁၄ ယောက်၊ စုစုပေါင်း ၆၄ ယောက် ဖြစ်ပါတယ်။

RFA Burmese



လေးလကျော်အတွင်း ကလေးနှစ်ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၆၄ ယောက်ရှိ လေးလကျော်အတွင်း ကလေးနှစ်ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၆၄ ယောက်ရှိ Reviewed by THITHTOOLWIN on 05:47 Rating: 5

No comments:

Powered by Blogger.