မင်းတပ်မြို့အချုပ်မှာ အရပ်သားတွေ အစားအသောက် လုံလောက်အောင်မစားရဘဲ နှိပ်စက်ခံနေရ



စစ်ကောင်စီရဲ့တပ်တွေကို ခုခံတော်လှန်နေတာ တစ်လခွဲကျော်နေပြီဖြစ်တဲ့ ချင်းပြည်နယ် မင်းတပ်မြို့ မှာ နှစ်ဖက်သေဆုံးဒဏ်ရာရတာရှိသလို၊ အဖမ်းခံထားရတဲ့အရပ်သားတွေ အချုပ်ထဲမှာ နှိပ်စက်ခံရတာလည်း ရှိနေပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ရဲစခန်းမှာ အချုပ်ကျနေတဲ့သူ ဒေသခံအရပ်သား ၂၀ လောက်ရှိနေပြီး သူတို့ကို အစားအသောက်လုံလောက်အောင် မကျွေးသလို၊ ရေပဲသောက်နေရတာ နှစ်ရက်လောက်ရှိပြီလို့ RFA က စုံစမ်းသိရှိရပါတယ်။

ဒါကြောင့် အပြင်ကဒေသခံတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ မင်းတပ်မြို့ CDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

“ရဲစခန်းမှာ အချုပ်ကျနေတဲ့သူတွေ အကုန် အယောက် ၂၀ ကျော်လောက် စားစရာမရှိတော့ဘူးတဲ့။ ထမင်းမစားရဘူး။ ရေပဲသောက်နေရတာ နှစ်ရက်ရှိပြီတဲ့။ စားစရာလည်းပေးကြပါဦးပေါ့။ ရဲစခန်းကလည်း ဂရုမစိုက်ဘူး။ အဲဒီအချုပ်ကျနေတဲ့သူတွေ လုံးဝထမင်းမစားရဘဲ ဆန်ပြုတ်ပဲသောက်ရတာကို တစ်နေ့ တစ်ကြိမ်ပဲ သောက်ရတယ်တဲ့၊ ဆန်ပြုတ်တောင် မသောက်ရတာ နှစ်ရက်ရှိပြီတဲ့၊ ရေပဲ သောက်ရတာ။ အဲဒါ ကျွန်တော်တို့ ငတ်နေပါပြီလို့ လုပ်ကြပါဦးဆိုပြီး ဆိုင်ရာဆိုင်ရာကို ဖုန်းဆက်ဖို့ ကြိုးစားတယ်လို့ ကြားရတယ်”

    "ဆန်ပြုတ်တောင် မသောက်ရတာ နှစ်ရက်ရှိပြီတဲ့၊ ရေပဲသောက်ရတာ"

စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ ပြန်လည်ခုခံနေတဲ့ မင်းတပ်မြို့မှာ ဇွန်လ ၃ရက်နေ့ကနေ ဒီနေ့ ဇွန်လ ၈ နေ့အထိလည်း မင်းတပ်ဒေသကာကွယ်ရေး CDF အဖွဲ့နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ ဒီနေ့ မနက်မှာတော့ CDF အဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့ CDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီနေ့လည်း တိုက်ပွဲတွေဆက်ဖြစ်တယ်။ တိုက်ပွဲတွေဆက်ဖြစ်တော့ လက်နက်ကြီးထိလို့ ဒီမနက် ချောင်းဆုံတိုက်ပွဲဘက်က တစ်ယောက်ကျဆုံး၊ ဒဏ်ရာရတဲ့သူလည်း လေးဦး၊ ငါးဦးလောက်ရှိတယ်ဗျ။ မင်းတပ်မှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ CDF အဖွဲ့ဝင် စုစုပေါင်း ဒီနေ့ကျဆုံးတာပါရင် ၂၂ ယောက်ရှိနေပါပြီ။” လို့ မင်းတပ်မြို့ CDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFAကို ပြောပါတယ်။

မင်းတပ်မြို့ပေါ်ကနေ နီးစပ်တဲ့ရွာတွေ၊ တောတောင်တွေနဲ့ ယောနယ်ဘက်တွေကို တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ဝန်းကျင်ရှိနေပြီး သူတို့ရှောင်တဲ့နေရာတွေကိုပါ စစ်တပ်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တစ်ယောက်က RFA ကိုပါတယ်။

“အခု ကျွန်တော်တို့ရဲ့ စစ်ဘေးရှောင်တွေရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။စစ်ဘေးရှောင်တွေနေတဲ့နေရာတွေကိုပါ စစ်ကြောင်းသုံးကြောင်းနဲ့ အတင်းထိုးစစ်ဆင် နေတယ်။ လုံခြုံရေးကအဓိကပေါ့။ ကျွန်တော်တို့မှာ စားစရာဆန်တွေလည်း မရှိတော့ဘူး။ မိုးရာသီလည်း ရောက်လာပြီ။ တာလပတ် လိုလာတယ်။ မြို့ပေါ်ကနေ စစ်ဘေး ရှောင်လာတာကို ထပ်တိုက်တယ်ဆိုတော့ ထပ်စစ်ဘေးရှောင်ရတာပေါ့။ အခုလို မိုးရာသီထဲမှာ တောထဲ ပြေးလွှားရှောင်တိမ်းနေရတော့ ပိုခက်ခဲ တာပေါ့။”

စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့ ဧပြီ ၂၄ ရက်နေ့ကစပြီး ဒီနေ့ တိုက်ပွဲအထိ တစ်လခွဲကျော်အတွင်း အရပ်သားတွေဘက်က သေဆုံး၊ ဒဏ်ရာရတာရှိသလို၊ စစ်တပ်ဘက်က သေဆုံးသူလည်း ဒါဇင်နဲ့ချီရှိနိုင် တယ်လို့ CDF မင်းတပ်အဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ယဉ်ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့မွန်းတည့် ၁၂ နာရီလောက်ကစပြီး အပြန်အလှန် ပစ်ခတ်နေကြရင်း ကနဦး သတင်းအရ စစ်ကောင်စီဘက်က သုံးယောက် ဒဏ်ရာရသွားတယ်လို့ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တစ်ယောက်က ပြောပါတယ်။

"လွန်ခဲ့တဲ့ ၃ ရက်လောက်က ဒီမှာ မိုင်းကွဲတော့ အဲဒီကိစ္စကြောင့် လာတာထင်တယ်။ ကား သုံးစီး၊ အင်အား ၅၀ လောက်ရှိမယ်။ စက်သေနတ်တွေနဲ့ပါ ပစ်တယ်။ စစ်သား သုံးယောက် ဒဏ်ရာရထားတယ်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကတော့ ဒဏ်ရာရသူမရှိသေးဘူး"

မင်းတပ်နဲ့ ဒီပဲယင်းဖြစ်ရပ်မှာ စစ်တပ်ဘက်က အသေအပျောက်ရှိတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ ရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တယ်လီဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

အခုသတင်းရေးနေတဲ့ မွန်းလွဲပိုင်းအချိန်ထိ တိုက်ပွဲဆက်ဖြစ်နေသေးတဲ့အတွက် နှစ်ဖက်ထိခိုက်ဒဏ်ရာရတာ ဘယ်နှစ်ယောက်ရှိလဲဆိုတဲ့ သတင်းအချက်အလက်ကို RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာ မူးကမ်းကြီးရွာဘက်ကို ဆက်ထွက်သွားပြီး အဲဒီရွာဘက်မှာလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထပ်ပြီးတိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese

(စစ်ကောင်စီတပ်တွေ ယဉ်ကျေးရွာက တောရဘုန်းကြီးကျောင်းပစ္စည်းတွေကို ဇွန်လ ၈ ရက်နေ့က ဖျက်ဆီးခဲ့စဉ်) Photo CJ


မင်းတပ်မြို့အချုပ်မှာ အရပ်သားတွေ အစားအသောက် လုံလောက်အောင်မစားရဘဲ နှိပ်စက်ခံနေရ မင်းတပ်မြို့အချုပ်မှာ အရပ်သားတွေ အစားအသောက် လုံလောက်အောင်မစားရဘဲ နှိပ်စက်ခံနေရ Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.