မန္တလေး မြို့ပြတိုက်ပွဲမှာ အရပ်သားလေးဦး ပစ်သတ်ခံခဲ့ရတယ်လို့ မိသားစုပြော


မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ ဇွန်လ ၂၂ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ မြို့ပြတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့(PDF)ကလို့ ယူဆပြီး စစ်ကောင်စီက လိုက်လံပစ်ခတ်လို့ ကားနဲ့ ထွက်ပြေးရင်း ထရန်စဖော်မာနဲ့ တိုက်မိ သေဆုံးခဲ့သူ လေးဦးဟာ သာမန်အရပ်သားတွေဖြစ်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ တအာင်းလူမျိုးတွေဖြစ်တဲ့ မိုင်းနိုင်ထွန်းကြည်၊ မိုင်းနိုင်လိုင်း၊ မိုင်းချစ်ရွှေနဲ့ မန္တလေးဇာတိ ကိုအားတီ တို့ သူငယ်ချင်းလေးယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ စဉ့်ကူမြို့မှာ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေဖြစ်ပြီး အလုပ်ကိစ္စနဲ့ မန္တလေးမြို့ကို ရောက်ရှိနေရာကနေ မနေ့ကမြို့ပြတိုက်ပွဲဖြစ်ပွားတာနဲ့ တိုက်ဆိုင်နေလို့ ကားကိုနောက်ကြောင်းလှည့်ရာမှာ စစ်ကောင်စီတပ်သားတွေက လိုက်လံပစ်ခတ်ခဲ့ကြတာလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ကားဟာ အရှိန်နဲ့ထွက်ပြေးရာကနေ ၁၁၀ လမ်းနဲ့ ၅၆ လမ်းထောင့်မှာရှိတဲ့ ထရန်စဖော်မာကို ဝင်တိုက် ခဲ့တာပါ။

သေဆုံးသူ လေးဦးထဲက မိုင်းနိုင်လိုင်းရဲ့ ဖခင်ဖြစ်သူ မိုင်းအနိုင်က ထရန်စဖော်မာကို ဝင်တိုက်ပြီးနောက် ကနဦးမှာ သူတို့ အသက်မသေခဲ့ဘူးဆိုတာကို သတင်းရထားကြောင်း RFA ကိုပြောပါတယ်။

“PDF နဲ့ မဆိုင်ပါဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်နဲ့ သွားတိုးမိတာ၊ နောက်ပြန်ဆုတ်တော့ စစ်ကောင်စီက ပစ်တော့ ဖြစ်သွားတာ။ လက်ရှိတော့ အလောင်းတော့ပြန်တွေ့ပြီပြောတယ်။ ဆေးရုံကြီးမှာတဲ့၊ ပြန်ပေး မလား၊ မပေးဘူးလားတော့ မသိဘူး၊ ထုတ်ဖို့လုပ်နေတယ်။ ဖုန်းနဲ့ပဲအဆက်သွယ်ရထားတော့ ကားတိုက် မိတုန်းက အရှင်ပဲ၊ ယူပြီးတော့မှ ပစ်သတ်တယ်လို့ ကြားရတယ်။ ကားကို မိုင်းနဲ့ပစ်လိုက်တာတဲ့”

မိုင်းနိုင်လိုင်းဟာ အခုလ ၆ ရက်နေ့ကမှ မင်္ဂလာဆောင်ထားသူတစ်ယောက်လည်းဖြစ်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

မန္တလေးမြို့မှာ မနေ့က ဇွန်လ ၂၂ ရက်နေ့က မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှစ်ဦး အရှင်ဖမ်းမိပြီး ရှစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူ ရှစ်ဦးထဲက လေးဦးဟာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့နေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး ကျန်လေးဦး ကတော့ ကားနဲ့ပစ်ခတ်ထွက်ပြေးရင်း ထရန်စဖော်မာကို တိုက်မိပြီး သေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
mdy-civilians.jpg
(မန္တလေးမှာ ဇွန် ၂၂ ရက်နေ့က စစ်ကောင်စီတပ် ပစ်သတ်လိုက်တဲ့ အရပ်သားလေးဦး) Photo CJ

မနေ့ကဖြစ်ပွားခဲ့တဲ့ မြို့ပြတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သုံးဦး ကျဆုံးခဲ့သလို စစ်ကောင်စီ ဘက်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက RFA ကို ပြောဆိုထားပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာမှာရှိတဲ့ ရဲကင်းစခန်းကို မြင်းခြံ မြို့နယ် ZERO ပျောက်ကျားအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီဖွဲ့က ပြောပါတယ်။

မနေ့ကတိုက်ခိုက်ချိန်ဟာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သလို ရဲတပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးခဲ့တယ် လို့လည်း ဆိုပါတယ်။

သူတို့အဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ စပ်ဆိုင်တာကို အဓိကထားတိုက်ခိုက်တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ZERO ပျောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အဓိကကတော့ စကစ လက်အောက်ခံ ရဲ၊ ဒလံ၊ ပျူစောထီးတွေကို အဓိကထားလုပ်တာပါ။ နယ်မြေခံ စခန်းမှူး ကလည်း နာမည်ကြီးနေလို့ပါ။ နယ်မြေဒေသနဲ့ ဖြစ်တည်မှုပေါ် မူတည်ပြီး လှုပ်ရှားဖို့တော့ ရှိပါတယ်”

ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ZERO ပျောက်ကျားအဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)လို ဒေသတွင်းမှာ စစ်ကောင်စီရဲ့ ယန္တရားကို ပျောက်ကျားနည်းတွေနဲ့ တိုက်ခိုက်နေတဲ့အဖွဲ့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

    "ရွာတွေဘက်ကလည်း မခံချင်စိတ်နဲ့သာ တိုက်ရတာ တချို့ဆို တူမီးတောင်မပါဘူး၊ ဓားနဲ့လိုက်လာတာ။"

မနေ့ကဘဲ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အကြား အချိန် ၈ နာရီခန့်ကြာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ယင်းမာပင်မြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်ဦး ကျဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့က အရင်ရက်တွေကတည်းက နိုင်ထက်စီးနင်းလုပ်နေတာ။ ရွာတွေကို အဲဒီလိုလုပ်တော့ တစ်ရွာနဲ့ တစ်ရွာက စည်းရုံးပြီးသားဆိုတော့ ရတဲ့လက်နက်နဲ့ တူမီးနဲ့ဝိုင်းပြီးတိုက်ကြတာ။ တိုက်ပွဲကပြင်းထန် သွားတာ၊ သူတို့ဘက်ကလည်း ကား နှစ်စီး အင်အား ၆၀ နဲ့လာကြတာ။ ရွာတွေဘက်ကလည်း မခံ ချင်စိတ်နဲ့သာ တိုက်ရတာ တချို့ဆို တူမီးတောင်မပါဘူး၊ ဓားနဲ့လိုက်လာတာ။ သူတို့ဘက်က အကျ အဆုံးများမှာ၊ ဒါပေမဲ့ ကပ်လို့တော့ မရဘူး”

သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ကိုငြိမ်းချမ်းဖြစ်ပြီး သူဟာ စစ်ကောင်စီရဲ့ စနိုက်ပါလက်ချက်နဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း စစ်ကောင်စီဘက်ကို မိုင်းခွဲတိုက်ခိုက်တာတွေရှိခဲ့လို့ ထိခိုက်သေဆုံး မှုတွေရှိနိုင်ပေမယ့် အရေအတွက်အသေးစိတ်ကို အတည်မပြုနိုင်ဘူးလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သူတို့ပြန်လာတဲ့လမ်းမှာရှိတဲ့ ဘန့်ဘွေးတော ပြင်က လူနေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဘန့်ဘွေးရွာဒေသခံတွေကပြောပါတယ်။

ဒီတိုက်ပွဲနဲ့ဆက်နွယ်ပြီးတော့ တရော်ကျင်းကျေးရွာက အမျိုးသား နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တရော်ကျင်းကျေးရွာအပါအဝင် ကျေးရွာ ၇ ရွာခန့်က ဒေသခံ ၄၀၀၀ ဝန်းကျင်ခန့်ဟာ ကျေးရွာတွေထဲကနေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မနေ့က မန္တလေးမြို့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ ကားနဲ့ထွက်ပြေးသူလေးဦးဟာ အရပ်သားတွေဖြစ်ကြောင်း မိသားစု ဝင်တွေကပြောဆိုတာ၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရွာ ရဲကင်းစခန်းတိုက်ခိုက်ခံရတာ၊ ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာဖြစ်စဉ်နဲ့ ဘန့်ဘွေးတောပြင်က လူနေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့ ပြောဆို ချက်တွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ရင်း သေဆုံး၊ ဖမ်းဆီးခံနေကြရတဲ့ ပြည်သူတွေအရေး မှတ်တမ်းတင် နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းတွေအရ စစ်အာဏာ သိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကပင် မနေ့က ဇွန် ၂၂ ရက်နေ့အထိ သေဆုံးသူ ၈၇၅ ဦးနဲ့ ဖမ်းဆီး ချုပ်နှောင်ခံထားရသူဟာ ၅၀၅၃ ဦးရှိနေပြီလို့ ဖော်ပြထားပါတယ်။

RFA Burmese



မန္တလေး မြို့ပြတိုက်ပွဲမှာ အရပ်သားလေးဦး ပစ်သတ်ခံခဲ့ရတယ်လို့ မိသားစုပြော မန္တလေး မြို့ပြတိုက်ပွဲမှာ အရပ်သားလေးဦး ပစ်သတ်ခံခဲ့ရတယ်လို့ မိသားစုပြော Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.