အဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ



အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က နေ့စဥ်အသုံးစရိတ်အတွက် ငွေကြေးကူညီရာမှာ ရဲက လက်မခံတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု လေးလကျော်အတွင်းမှာ နေ့စဉ်စားဝတ်နေရေးနဲ့ အသုံးစရိတ် ခက်ခဲ နေတဲ့အတွက် ကူညီပေးဖို့ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရုံးချိန်းမှာ သူ့ရဲ့ ရှေ့နေအဖွဲ့ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတူနေထိုင်သူတွေရဲ့ နေ့စဉ်အသုံးစရိတ်အတွက် နေပြည်တော်မှာရှိတဲ့ ရှေ့နေအဖွဲ့က လွန်ခဲ့တဲ့သီတင်းပတ်က ရဲတပ်ဖွဲ့ကတဆင့် ကျပ်ငွေ သိန်း ၅၀ ပေးခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က ပြောပါတယ်။

“ဆန်၊ ဆီ၊ ဆားတော့ ပို့ထားတယ်လေ၊ အဲဒါတွေကတော့ ပြန်မပေးဘူးဗျ၊ သို့သော် ဒေါ်အောင်ဆန်း စုကြည်က ပြောတာ တချို့ပစ္စည်းတွေ၊ တချို့အစားသောက်တွေက နည်းနည်းလေး မှိုတက်တာတွေ ဘာတွေရှိတယ်လို့ ပြောတယ်၊ ဒုတိယနေ့က ပို့တော့လေ။ တွေ့တဲ့အခါတိုင်းတော့ အဆင်ပြေသလို ပို့ကြရမှာပေါ့နော်၊ ဒါပေမဲ့ ခုနက ပြောသလို ငွေကြေးကတော့ မရသေးဘူး၊ ဘယ်လိုပြောရမလဲ အရံ ဆောင်ထားဖို့ပို့တဲ့ ငွေ သိန်းငါးဆယ်ကတော့ ရဲကလက်ခံထားပြီး ဟိုတစ်နေ့က ပြန်ပေးလိုက်တယ်ဗျ၊ ဒုတိယ ရုံးချိန်းနေ့က၊ ခဏသိမ်းထားပါဦး အထက်ကို တင်ပြပြီးတော့ ခွင့်ပြုမှပေးပါလို့ ပြောတယ်”

အခုလို ငွေပို့လို့မရတဲ့အကြောင်း ပြောပြတာဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘာသာသူ ရပ်တည်နေ တယ်ဆိုတာ အားလုံးကို သိစေချင်လို့ဖြစ်ပြီး၊ အဲဒီနောက်ပိုင်း အလှူငွေပေးပို့ချင်တဲ့ ကမ်းလှမ်းမှုတွေရှိခဲ့ ပေမယ့် ဘယ်လိုအကူအညီကိုမှ လက်ခံမှာ မဟုတ်ဘူးလို့လည်း ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

အကူအညီလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ကူညီထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ဘူးလို့လည်း ရှေ့နေအဖွဲ့က ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့ ရုံးချိန်းအပြီးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကြည်ဝင်းက ဆန်နဲ့ ဆီ အပါအဝင် စားစရာတချို့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့ပါတယ်။

    "အထက်ကို တင်ပြပြီးတော့ ခွင့်ပြုမှပေးပါလို့ ပြောတယ်"


ဒါပေမဲ့ လက်ထဲဆောင်ထားဖို့အတွက် ငွေသွားပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အစောင့် ချထားတဲ့ လုံခြုံရေးက လာမယူတဲ့အတွက် အခုထိ မပေးရသေးဘူးလို့ ဦးကြည်ဝင်းက ပြောပါတယ်။

“အိမ်သုံးပေါ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပို့ပေးတယ် ရသွားပါပြီ၊ ဆေးလည်း ရသွားပြီ၊ သူမရတာက ဒေါ်စုက ဆောင်ထားဖို့ငွေပေါ့၊ သိန်းငါးဆယ်လိုတယ်ဆိုတော့ အဲဒါ သိန်းငါးဆယ်ကို ပြီးခဲ့တဲ့အပတ်က ပေးလိုက်တာ၊ ရဲက သွားပေးလို့ မရဘူး၊ ရဲက လုံခြုံရေးကိုပြောရတယ် အဲဒီအိမ်မှာချထားတဲ့ လုံခြုံရေး ရှိတယ်၊ လာယူမှ၊ အဲဒါလာ မယူဘူးဆိုတော့ အဲဒါ ကိုယ်တို့ကို ပြန်ပေးတယ်၊ ပြန်ပေးထားတော့ ကိုယ်တို့ အဲဒါ နေပြည်တော်မှာပဲ ထားခဲ့တာပေါ့၊ တကယ်လို့ လာပြီးတော့ တောင်းလို့ရှိရင် ပေးဖို့ဆို ပြီးတော့”

နိုင်ငံအဆင့် ခေါင်းဆောင်တစ်ဦးကို အခုလို နေ့စဉ်အသုံးစရိတ်နဲ့ စားဝတ်နေရေးကအစ ကန့်သတ် ထိန်းချုပ်ထားတာဟာ မဖြစ်သင့်တဲ့ကိစ္စမို့ ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်မိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“အခုလိုမျိုး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ထောင်သွင်းအကျဉ်းချ ခံထားရတာလည်း မဟုတ်ဘူး၊ သူ့ကို ပြစ်မှုတွေ ကျူးလွန်ထားလို့ဆိုပြီးတော့ ပြစ်ဒဏ်တွေကို ချမှတ် ထားတာလည်း မဟုတ်သေးဘူး၊ အခုက စစ်ဆေးနေဆဲကာလပဲ ဖြစ်သေးတယ်၊ စစ်ဆေးနေဆဲ ကာလအတွင်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ကိုထိန်းသိမ်းထားတဲ့ သူတွေဆီက အကူအညီကို လုံးဝမလိုချင်တဲ့အတွက်ကြောင့်မို့လို့ ရှေ့နေတွေဆီကနေ အကူအညီတောင်း ပြီးတော့ သူ့ရဲ့လိုအပ်ချက်ကို တောင်းဆိုတဲ့နေရာမှာ အခုလိုမျိုး ရှေ့နေအဖွဲ့ကနေ ကူညီပေးထားတဲ့ ငွေကြေးအပေါ် ပြန်လည်ပြီးတော့မှ ပြန်ပေးလိုက်တာ ဟာဆိုရင်ပေါ့လေ လုံးဝမဖြစ်သင့်ပါဘူး၊ အများကြီးကို စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်”

dassk.jpeg

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈)၊ ဆက်သွယ်ရေးပုဒ်မ(၆၇)၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်းထိန်ချန်မှု ပုဒ်မ(၁၂၄) ရဲ့ ပုဒ်မခွဲ(က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ သဘာဝဘေးအန္တရာယ် ပုဒ်မ(၂၅)နဲ့ အဂတိလိုက်စားမှုပုဒ်မ(၅၅) အပါအဝင် စုစုပေါင်းအမှု (၇) ခုနဲ့ စွဲချက်တင်ထားပါတယ်။

အမှုအားလုံးကို ၆ လအတွင်း အပြီးသတ်စစ်ဆေးဖို့ စစ်ကောင်စီက စီစဉ်နေပြီး၊ အမှု ၇ ခုထဲက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ ပတ်သက်တဲ့အမှုကို ရန်ကုန်မှာ၊ ကျန် (၆)ခုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့်တရားရုံးမှာ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားခေါင်းဆောင်တွေကို စစ်ကောင်စီက အပြစ်မရှိပါဘဲ မတရား ဖမ်းဆီးပြီး၊ ပုဒ်မအမျိုးမျိုးနဲ့ အမှုဆင် လုပ်ကြံစွပ်စွဲထားကြောင်း ဇွန်လ ၁၆ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူ့အစိုးရထံကနေ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထား တာကြောင့် တရားဝင် အစိုးရမဟုတ်ဘဲ၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ တရားရုံးတွေဟာလည်း တရားဝင် တရားရုံးတွေ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်တော့မှာဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုပုဒ်မနဲ့ပါ တရားစွဲခံထားရပေမယ့်၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ရဲ့ အမည်နဲ့ ဖောင်ဒေးရှင်းတစ်ခု ထူထောင်ပြီး သူပိုင်ဆိုင်တဲ့ ငွေအမြောက်အများကို လှူဒါန်းထားပြီးသား ဖြစ်ပါတယ်။

RFA Burmese


အဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ အဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ထံ အသုံးစရိတ် ပေးခွင့်မရ Reviewed by THITHTOOLWIN on 22:11 Rating: 5

No comments:

Powered by Blogger.