စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ

မကွေးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို စစ်ကောင်စီတပ်တွေ ဖြိုခွဲချိန် ဒဏ်ရာရပြီးမျက်လုံးတစ်လုံးကွယ်ကာ လက်တစ်ဖက်ပါ ဖြတ်တောက်ခံခဲ့ရတဲ့ ကိုလျှံဖြိုးအောင်ဟာ မကွေးစစ်ဆေးရုံကနေ ဒေါင်းနေအကျဉ်းထောင်ကို ပို့ဆောင်ခံသွားရတယ်လို့ အကိုဖြစ်သူကပြောပါတယ်။

မတ်လ ၂၇ ရက်တုန်းက ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ ၂၀ ကျော်ထဲကမှ တကိုယ်လုံးသွေးတွေနဲ့ ဒဏ်ရာရခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို သေဆုံးပြီအမှတ်နဲ့ ကားပေါ်က ထမ်းချပြီး စစ်ဆေးရုံမှာ ထားခဲ့လို့ ဆေးရုံက ဆေးဆက်ကုပေးခဲ့တာပါ။

ဆေးရုံတက်နေရတဲ့ ကိုလျှံဖြိုးအောင်ဆီကို တရားသူကြီးရယ်၊ ရှေ့နေတစ်ယောက်နဲ့ ရဲတစ်ယောက်တို့ ဧပြီလ ၁၂ ရက်မှာ ရောက်လာပြီး ပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်လိုက်တာ၊ ဧပြီလ ၂၆ ရက်မှာ ပထမဆုံးရုံးချိန်းရှိတယ်ဆိုတဲ့အကြောင်း လာအသိပေးခဲ့တာပါ။

အဲဒီနောက်ပိုင်း ကိုလျှံဖြိုးအောင်ဟာ စစ်ဆေးရုံကနေပဲ အမှုရုံးချိန်းတွေကို တက်နေတဲ့သူဖြစ်ပါတယ်။

အခုတော့ ဆေးရုံတက်နေရတဲ့ကိုလျှံဖြိုးအောင်ကို အကျဉ်းထောင်ကို လွှဲပြောင်း လိုက်တာလို့ အကိုဖြစ်သူက လူမှုကွန်ယက်က ထုတ်ပြောလာတာပါ။

လက်ရှိမှာ ကိုလျှံဖြိုးအောင်ဟာ ကိုယ်လက်အင်္ဂါမပြည့်စုံဖြစ်နေပြီး နစ္စဓူဝကိစ္စတွေမှာ မိသားစုရဲ့အကူအညီကို ယူနေရသူဖြစ်နေတာကြောင့် အခုလို အချုပ်ထဲကနေ တရားရင်ဆိုင်နေရတာကနေလွတ်အောင် ဝိုင်းကူညီကြဖို့ကိုလည်း မိသားစုက တိုက်တွန်းပါတယ်။

ကိုလျှံဖြိုးအောင်ဟာ ဆန္ဒပြပွဲမှာ ရတဲ့ဒဏ်ရာကြောင့် မျက်ကြည်လွှာ အစားထိုးကုသဖို့ အရေးပေါ်လိုနေသလို ရာဘာကျည်ဆန်တွေထိမှန်ထားလို့ ဒဏ်ရာရထားတဲ့အတွက်လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ ဘယ်ခြေထောက်ကို ကုသဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေသူလည်းဖြစ်တယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ  စစ်ကောင်စီလက်ချက်နဲ့မသန်စွမ်းဖြစ်ရသူ အချုပ်နဲ့အမှုဆက်ရင်ဆိုင်နေရ Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.