မင်းတပ်စစ်ဘေးရှောင်တွေ နေအိမ်မပြန်ရဲသေး

ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ

စစ်ဘေးရှောင် သောင်းနဲ့ချီရှိနေတဲ့ မင်းတပ်ဒေသမှာ သီတင်း ၂ ပတ်ကြာ အပစ်ရပ်ဆိုင်းထားဖို့ စစ်ကောင်စီနဲ့ မင်းတပ် CDF တပ်ဖွဲ့တို့ကြား ဆွေးနွေးခဲ့ကြတယ်လို့ CDF က တာဝန်ရှိသူတဦးက ပြောပါတယ်။ နေအိမ်ပြန်ကြသူတွေကို ဖမ်းဆီးမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ဘေးရှောင်တွေကလည်း အိမ်မပြန်ရဲဘဲ ဖြစ်နေတာပါ။ မင်းတပ်က နောက်ဆုံးအခြေနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ မင်းတပ် CDF တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီးနောက်ပိုင်း တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံ ဒုက္ခသည်တွေ နေအိမ်ပြန်နိုင်ရေးအတွက် ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၄ ရက်အထိ အပစ်ရပ်ဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“အပစ်ရပ်မယ်ပေါ့နော်၊ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ရည်ရွယ်ပြီးတော့ လုပ်ထားတာပေါ့။ အဓိက ဒုက္ခသည်တွေ မင်းတပ်ဘက်ကဆိုရင် တမြို့လုံး တရွာလုံးနီးပါးက စစ်ဘေးရှောင်ဖြစ်သွားတော့လေ အဲ့ဒါတွေ အခက်အခဲကို သူတို့ အိမ်ပြန်လို့ရတဲ့ အခြေအနေကို ဖန်တီးတဲ့သဘောဖြစ်တယ်။ စစ်တပ်ဘက်က တူမီးသေနတ် ၆ လက်လောက်၊ ပြီးရင် သူတို့ရဲ့ လက်နက်အသေးစား ကျနော်တို့ယူထားတဲ့ AK47 တလက်နှစ်လက်လောက်ပေါ့ ပြန်အပ်ပါ၊ အဲ့ဒါတွေအပ်ပြီးရင် ပြန်လို့ရမယ်၊ ပြီးရင် ကျနော်တို့လည်း တပ်ဖျောက်မယ့်ပုံစံမှာ ရှိတယ်။”

အခုလို အပစ်ရပ်ထားရေး ဆွေးနွေးပြီး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လုပ်ဆောင်နေပေမယ့် စစ်ဘေးရှောင်တွေ အနေနဲ့ နေရပ်ပြန်နိုင်ဖို့ မလွယ်ကူသေးဘဲ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ မင်းတပ် ဒုက္ခသည်စခန်း စီမံခန့်ခွဲမှု မိန်းကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။

“မင်းတပ်ပြည်သူတွေအနေနဲ့ မင်းတပ်ပြန်ဖို့ဆိုတာက ထင်သလောက်တော့ မလွယ်လောက်သေးဘူး အခြေအနေကလေ။ ဘာလို့လဲဆိုတော့ စကစနဲ့ အပစ်အခတ်ရပ်စဲပြီး ပြန်တယ်ဆိုရင်လည်း CDF နဲ့က တကြိမ်ကြိမ် တိုက်ပွဲက ထပ်ဖြစ်လာနိုင်သေးတာပေါ့နော်။ အဲ့လိုဆိုတော့ ကျနော်တို့ထင်သလောက် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချစွာ ပြန်ရမယ့် အနေအထားမျိုး မရှိသေးဘူးလို့ ထင်မိတယ်။ ဘယ်လောက်အတိုင်းအတာထိ ခွင့်ပြုမယ်၊ ဘယ်လောက်အတိုင်းအတာထိ သွားလာလို့ရမယ်ဆိုတာ ကျနော်တို့က သေသေချာချာ မသိရသေးဘူး။ ကျနော်တို့ဘက်ကဆိုတော့ အစောပိုင်း ကာလတုန်းက တချို့ပြန်တယ်။ မင်းတပ်ပြန်သွားတယ်။ ဒါပေမယ့် အဆက်အသွယ် မရတဲ့သူတွေ ရှိတယ်ခင်ဗျ။ ဘာတွေဖြစ်သွားလဲဆိုတာ ကျနော်တို့တော့ မသိဘူး။ တချို့ကလည်း စကစဘက်က ဖမ်းဆီးနှိပ်စက်တာ မြင်တွေ့ရတယ်လို့ တချို့ကပြောပါတယ်။ အခုကာလမှာ တချို့သဘောတူညီချက်ပြီးရင်တော့ ထပ်ပြီး စောင့်ကြည့်ပြီးမှ အခြေအနေသိရမယ့်သဘော ဖြစ်နေတယ်။”

မင်းတပ်မြို့ကို မေ ၁၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာပြီးနောက်ပိုင်းမှာလည်း မင်းတပ် CDF နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု တိုက်ခိုက်လာတာကြောင့် မင်းတပ်မြို့ နေထိုင်သူတွေ စစ်ဘေးရှောင်နေကြတာ ဖြစ်ပါတယ်။

မင်းတပ်ဒေသတဝိုက်မှာ စစ်ဘေးဒုက္ခသည် သောင်းကျော်ရှိပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေသလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆေးကုသခွင့်မရလို့ အသက် ၇ လအရွယ် ကလေးတဦးနဲ့ သက်ကြီးဘိုးဘွား ၂ ဦး သေဆုံးခဲ့ရတာပါ။

အခုလို တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ပေါ်မလာအောင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဇွန် ၂၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်နေ့မှာ မင်းတပ် ဒုက္ခသည်စခန်း စီမံခန့်ခွဲမှု မိန်းကော်မတီက တိုက်တွန်းလိုက်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ ဆိုတော့ပေါ့၊ ကျနော်တို့ မြန်မာနိုင်ငံမှာ နေရတာ တမျိုးလည်း ကံကောင်းတယ်။ ကံကောင်းတဲ့အပိုင်းကတော့ စိတ်ရင်းစေတနာ အရမ်းကို ထက်သန်ကြတယ်။ နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား မောင်နှမတွေ များတယ်။ တဖက်မှာလည်း ပြည်တွင်းစစ်တွေ အရမ်းများတယ်။ အရင်က ပြည်တွင်းစစ်ဖြစ်တယ် ဆိုပေမယ့် ကျနော်တို့ ချင်းပြည်နယ်က အေးချမ်းခဲ့တဲ့အတွက် နဖူးတွေ့ ဒူးတွေ့ မကြုံဖူးဘူး။ တကယ်ကြံုဖူးလာတဲ့ အနေအထားမျိုးမှာ တကယ်ကိုယ်ချင်းစာမိတယ်။ အခက်အခဲနဲ့ ထပ်ထပ်ပြီးနေရတာရယ်၊ မိုးထဲလေထဲ တဲထိုးပြီး အိပ်ရတဲ့ အနေအထားတွေရယ် တကယ်ကို ကြံုတွေ့လာရတဲ့အခါမှာ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခက တကယ်ကို မသေးဘူးပေါ့နော်။ အလားတူပဲ ကျနော်တို့နိုင်ငံမှာရှိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးကိုလည်း တိုက်တွန်းချင်တယ်။ တကမ္ဘာလုံံးမှာရှိတဲ့ လူတွေကို မျှဝေချင်တာက ဒီလို အနေအထားမျိုးတွေ ဖြစ်မလာအောင် ကာကွယ်ပြီးတော့မှ အချင်းချင်းပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

လက်ရှိ မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ တောတောင်တွေမှာ ခိုလှုံနေရပြီး စစ်ကောင်စီတပ်တွေ သူတို့ပုန်းအောင်ရာ နေရာတွေနားအထိ ထိုးစစ်ဆင်လာတဲ့အခါ နေရာရွှေ့ပြောင်းပြီး နေထိုင်ရတာတွေလည်း ရှိနေပါတယ်။ မင်းတပ်မြို့မှာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းက ၁၀ ခုရှိပေမယ့် လာရောက်ခိုလှုံသူက အနည်းငယ်ပဲ ရှိပါတယ်။


မသိင်္ဂီထိုက်/ VOA Burmese

https://burmese.voanews.com/a/mindat-idp/5936419.html

မင်းတပ်စစ်ဘေးရှောင်တွေ နေအိမ်မပြန်ရဲသေး မင်းတပ်စစ်ဘေးရှောင်တွေ နေအိမ်မပြန်ရဲသေး Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.