သိန္နီမြောက်ဘက်မှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုရှိခဲ့

ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်း ကုန်တင်ကားများ လမ်းပိတ်ဆို့ရပ်တန့်နေစဉ် (ဓာတ်ပုံ-Phyo MAUNG MAUNG / AFP)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မြောက်ဘက်မှာ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်က စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ချိန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကြီးမှာ အသွားအလာ ယာယီရပ်သွားခဲ့ပါတယ်။

နောက်ထပ် စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်မှာတော့ စစ်သင်္ဘော တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေမဲ့ ဒေသခံတွေကတော့ တပ်ဘက်က ခြောက်လှန့်တဲ့အနေနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ယူဆနေပါတယ်။ ဒီလို အခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မြောက်ဘက် မန်ပြိန်းကျေးရွာအနီးမှာ ဒီနေ့ မနက်က စစ်ယာဉ်တန်းတိုက်ခိုက်ခံရပါတယ်။ ဘယ်သူဘယ်ဝါတွေမှန်း မသိရသေးတဲ့ လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နာရီဝက်လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မန်ပြိန်းနားမှာ ဖြစ်တာ။ အချိန်ကတော့ ၈ နာရီခွဲ၊ ၉ နာရီလောက်ဖြစ်မယ်။ မြို့ထဲကနေပဲ အသံကြားရတာ ကျနော်တို့က။ လက်နက်ကြီးသံတွေကြားပြီးမှ သေနတ်သံတွေကြားတာ။ ဗြုံးတောင်ပေါ့။ အရင်ကဗြံုးတောင်ရဲ့ အပေါ်ဘက်မှာဖြစ်တာ။ ဘယ်အဖွဲ့ပစ်လည်းတော့ မကြားဘူးဗျ။”

ထိခိုက် ကျဆုံးမှုအခြေအနေတော့ မသိရဘူးလို့ သူကဆက်ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နေချိန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းကြီးမှာ ကားအသွားအလာတွေ ခေတ္တရပ်တန့်ခဲ့ပေမဲ့ နောက်ပိုင်း အသွားအလာတွေ ပုံမှန် ပြန်ဖြစ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင် လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အဓိက လှုပ်ရှားနေတာပါ။

စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တို့ကြား စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် ရွှေကူမြို့မှာ ရဲစခန်းတခုနဲ့ စစ်သင်္ဘောတစင်း တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်က ပူးပေါင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ ဒေသခံတချို့ကတော့ လုံခြုံရေးတပ်ဖွဲ့တွေဘက်က တပ်လှန့်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

“အဲဒါက ဘာမှမဟုတ်ဘူး။ သူတို့ဖာသာသူတို့ သေနတ်ဖောက်နေတာ။ တပ်လှန့်နေတာ။ ဖြစ်တာက သူတို့ ရဲစခန်းက သေနတ်ဖောက်။ အဲဒီမှာ စစ်သင်္ဘောရှိတယ်။ စစ်သင်္ဘောကတော့ သူတို့ တပ်သားအပြည့် ၃၀၀ လောက် တင်လာတဲ့ စစ်သင်္ဘောရှိတယ်။ တပ်မ ၉၉ က ။ ညကိုတော့ သူတို့ ဒီတိုင်းပေါ့ လက်နက်ကြီးတွေ ပစ်ဖောက်နေတာပေါ့။ ဖြစ်တာက သူတို့က တချက်ချင်းပစ်တာဗျ။ ဒီဘက်က ရဲစခန်းကနေ ပစ်လိုက်၊ အဲဒီ စစ်သင်္ဘောက ပစ်လိုက်၊ ဒီဘက်က ၁၀ မိနစ်လောက်ပစ်လိုက်။ နောက်ထပ်တခါ ဟိုဘက်က ၁၅ မိနစ်လောက် ပစ်လိုက် နာရီဝက်မှာ ပြန်ပစ်လိုက် အဲလို ပစ်တာဗျ။ ထိခိုက်မှုက ဘာမှ မရှိပါဘူးဗျ။”

ပစ်ခတ်မှုဖြစ်တဲ့ ရဲစခန်းနဲ့ စစ်သင်္ဘောဟာ ဝါးဆယ်ပြန်အကွာ သာသာလောက်ရှိကြောင်းနဲ့ အနီးအနားကလူနေအိမ်တချို့ ထိမှန်တာရှိကြောင်းလည်း ပြောပါတယ်။ အခြားရွှေကူ ဒေသခံတဦးကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“၄၅ မိနစ်လောက်ကြာတယ်။ တကယ်တိုက်ပွဲဖြစ်တယ်ဆိုရင်ကတော့ အနည်းနဲ့အကျဉ်းပေါ့ လူမသေတောင် ထိခိုက်ပျက်ဆီးမှုက ရှိမှာပေါ့။ အခုကတော့ သင်္ဘောလည်း ဘာမှ မဖြစ်သလို ရဲစခန်းကလည်း ဘာမှ မဖြစ်လိုက်ဘူး။ အသေအပျောက်လည်း မရှိဘူး။ ဒဏ်ရာရတာလည်းမရှိဘူး။ သဘောတခုက သင်္ဘောဆိုတာက အိမ်လောက်ကြီးတာဗျာ။ သင်္ဘောရှေ့မှာ ကာထားတဲ့ သဲအိတ်တွေတောင် အရာမယွင်းမှတော့ နှစ်ဘက် ပစ်ခတ်မှုဆိုတာ မဖြစ်နိုင်ဘူးလေ။ တပ်လှန့်တဲ့သဘောမျိုးတွေပါပဲ။”

ဒီပစ်ခတ်မှုမှာ ရဲစခန်းနဲ့ ကမ်းနားလမ်းက နေအိမ် ၅လုံးလောက် ထိမှန်တာရှိပေမဲ့ အရပ်သားတွေ ထိခိုက်တာ မရှိကြောင်းလည်း ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် SPDF အမည်နဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ ဗုဒ္ဓဟူးနေ့ညကဖြစ်တဲ့ ရွှေကူရဲစခန်းနဲ့ သင်္ဘောဆိပ်ပစ်ခတ်မှုဟာ KIA နဲ့ သူတို့ပူးပေါင်း တိုက်ခိုက်တာ မဟုတ်ကြောင်းဖော်ပြထားပါတယ်။

ဒီလ ၄ ရက်နေ့ ရွှေကူမြို့ ရဲစခန်းတိုက်ခိုက်မှုကိုတော့ KIA နဲ့ SPDF ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ လူနဲ့ ရိက္ခာတင်ပို့တဲ့ စစ်ရေယာဉ်တွေကို ရွှေကူမြို့နယ်မှာ KIA က မကြာခန ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေသလို ရွှေကူမြို့နယ်က ကျောက်ကြီး ရဲစခန်းကိုလည်း နှစ်ကြိမ် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။


ငြိမ်းချမ်း/ VOA Burmese

https://burmese.voanews.com/a/northern-shan-state-civil-war-continue-Myanmar-/5923562.html

သိန္နီမြောက်ဘက်မှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုရှိခဲ့ သိန္နီမြောက်ဘက်မှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး ပစ်ခတ်မှုရှိခဲ့ Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.