မင်းတပ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့ရသူ ခြောက်ဦးရှိ


ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF)ကို စစ်ကောင်စီက အင်အားအလုံး အရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ရာကနေ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း ကျန်းမာရေးစောင့်ရှောက်မှုတွေမရလို့ အသက်သေဆုံးခဲ့ရသူဟာ ဒီနေ့အထိ အနည်းဆုံးခြောက်ဦးအထိရှိနေတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောပါတယ်။

ဆေးဝါးကုသမှုတွေနဲ့ လက်လှမ်းမမီလို့ သေဆုံးခဲ့ရသူတွေဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦး၊ မွေးကင်းစ ကလေး နှစ်ဦးနဲ့ သက်ကြီးရွယ်အို သုံးဦးဖြစ်တယ်လို့ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့က စစ်ဘေးဒုက္ခသည်တစ်ဦးက သူတို့ဟာ စစ်ကောင်စီတပ် တွေကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်ရင်း သေဆုံးခဲ့ကြရတာလို့ ပြောပါတယ်။

“တောထဲမှာ ဆေးဝါးမရလို့ တောထဲမှာဆုံးသွားတာက စစ်ဘေးရှောင်ရင်းနဲ့ ဆုံးပါးသွားတာဆိုရင်တော့ အနည်းဆုံးက ခြောက်ယောက်လောက်ရှိသွားပြီ။ တချို့ဟာကျတော့ သေတယ်ပဲသိရတယ်။ နာမည် တွေကိုသိဖို့ ခက်တယ်ပေါ့နော်။ တချို့တွေကျတော ရက်သားကလေးတွေ၊ လသားကလေးတွေရှိတယ်။ အဘိုးအိုတွေရှိတယ်။ တချို့ ဝက်ရှုးပြန်၊ စစ်ဘေးရှောင်းရင်းနဲ့ ကျောက်ကမ်းပါး လိမ့်ကျသွားတာတွေ ရှိတာပေါ့နော်။ တချို့ကျတော့ သောက်နေကြဆေး မသောက်တော့လို့ သေဆုံးသွားတာရှိတယ်။”

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ဧပြီလ ၂၆ ရက်နေ့လောက်ကစပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့(CDF)နဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့ပေါ်နဲ့ကျေးရွာတွေက လူပေါင်း သုံးသောင်းကျော်ဟာ လုံခြုံမယ်လို့ယူဆရတဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

အခုလက်ရှိမှာလည်း မိုးရာသီကာလဖြစ်လာတာကြောင့် စစ်ဘေးရှောင်ဒေသခံတွေဟာ ဖျားနာတာ၊ ရာသီပေါ် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျောနဲ့ ယားနာရောဂါတွေ ဖြစ်ပွားနေတာကြောင့် အရေးပေါ်ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေပါ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

    "တောထဲမှာ ဆေးဝါးမရလို့ စစ်ဘေးရှောင်ရင်းနဲ့ ဆုံးပါးသွားတာ"

မနေ့က ဇွန်လ ၂၃ ရက်နေ့မှာတော့ ချင်းကာကွယ်ရေးအဖွဲ့၊ မင်းတပ်(CDF)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား အချက် ၅ ချက်ပါတဲ့ နှစ်ဘက်သဘောတူညီချက်တွေ ချမှတ်ခဲ့ကြပါတယ်။

အဲဒီသဘောတူညီချက် ၅ ချက်မှာ မင်းတပ်မြို့နယ်အတွင်းက ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး စောင့်ကြပ်ပစ်ခတ်တာတွေမလုပ်ဖို့၊ အစိုးရဌာနဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ရာမှာ နှောင့်ယှက်တာ၊ ဖိအားပေးးတာ၊ ခြိမ်းခြောက်တားဆီးတာတွေမလုပ်ဖို့နဲ့ CDM ဝန်ထမ်းတွေကို အတင်းအကျပ် ဖိအားပေးပြီး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ခိုင်းတာမလုပ်ဖို့၊ ကျောက်ထု-မင်းတပ်-မတူပီလမ်းမှာ သွား လာသူတွေကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ဖို့နဲ့ ရိက္ခာသယ်ပို့တဲ့ကားတွေကို စစ်ဆေးပြီး ဝင်ထွက်ခွင့်ပြု ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်(CDF)အဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီက စစ်ဘေးကြောင့် ထွက်ပြေးနေကြရတဲ့ ပြည်သူတွေအရေးကို အလေးမထားပေမယ့် သူတို့ဘက်ကတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အခက်အခဲကြုံနေတဲ့ ပြည်သူတွေရဲ့ဒုက္ခကို ငှဲ့ညှာလို့ အခုလိုသဘောတူခဲ့တာလို့ပြောပါတယ်။
mindat-flee.jpg
(မင်းတပ်က စစ်ဘေးရှောင်များ) Photo CJ

“ပြည်သူတွေကို စာနာထောက်ထားတာတော့ မဖြစ်နိုင်ဘူး။ ရွှေအောင်သာဘက်က တပ်ရင်းတစ်ရင်း တက်လာတယ်။ ချောင်းဆုံဘက်က တပ်ရင်းတစ်ရင်း တက်လာတယ်။ ချောင်းဆုံဘက်က အကျအဆုံး များတယ်။ အဲဒီတပ်ရင်းတွေမှာ အကျအဆုံးများတဲ့ အတွက်ကြောင့် နောက်ထပ်အယောက် ၆၀ စစ်ကူ ဖြည့်ပြီးမှ တက်လာတယ်ဆိုတော့ သူတို့က ဒီဘက်ကို အင်အားအလွန်အကျွံသုံးတယ်လို့ ယူဆလို့လား၊ တခြား ဒေသတွေ ဆူပူထကြွတာကို နှိမ်နင်းဖို့ပဲလား ဘာကြောင့်လဲတော့မသိဘူး။ဒါပေမဲ့ သေချာတာ ကတော့ ပြည်သူလူထုတွေကို ငှဲ့ညှာလို့ စပြီး စကားပြောလာတာတော့ မဟုတ်တာသေချာတယ်။”

မင်းတပ်(CDF)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်အနေနဲ့ ပြည်သူတွေကို ဒုက္ခ မပေးဖို့၊ အနှောင့်အယှက်မပေးဖို့နဲ့ ဖမ်းဆီးတာမလုပ်ဖို့ ပြောဆိုထားပြီး ဒီအချက်နဲ့ပတ်သက်လို့ ကတိတည်၊ မတည်ကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

မနေ့က သဘောတူညီချက်မထွက်လာခင် ပြီးခဲ့တဲ့ရက်ပိုင်းကပင် အကြိုဆွေးနွေးမှုတွေရှိခဲ့တာကြောင့် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ သူတို့ရဲ့ နေအိမ်တွေဆီကို ပြန်လာနေကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒါပေမဲ့ ဒေသခံတွေအတွက်ကတော့ ဆေးဝါးနဲ့စားနပ်ရိက္ခာတွေ အလွယ်တကူရဖို့ ခက်ခဲနေဆဲပဲလို့ လုံခြုံရေး အရအမည်မဖော်လိုတဲ့ စစ်ဘေးရှောင်ဒုက္ခသည်အရေး အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

“မြို့ပေါ်မှာပြန်တဲ့သူကို စစ်ဆေးတယ်။ အဖမ်းခံရတဲ့သူတွေလည်းရှိတယ်။ ရွာဘက်မှာ ထွက်ပြေးလာတဲ့ သူတွေက သူတို့အိမ်ကို ပြန်သွားကြည့်ကြတယ်။ ပြန်ရောက်သွားကြပြီ။ ဒါပေမဲ့ သူတို့ ဘယ်လောက်ထိ နေရမယ်၊ဘယ်လောက်ထိလုံခြုံရေးအာမခံချက်နဲ့ နေနိုင်မယ်ဆိုတာ မသိရဘူး။ သူတို့မလုံမခြုံနဲ့ပဲ အဲလို မျိုးပြန်သွားနေကြတာပေါ့နော်။ အခုတော်တော်များများပြန်နေကြပြီ။ စစ်ဘေးရှောင်အတွက် ဆေးဝါရော၊ ရိက္ခာတွေရော လွယ်လွယ်ကူကူနဲ့ သယ်ယူလို့မရသေးဘူး။”

စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာကို သယ်ယူတဲ့အခါမှာ စစ်ဆေးမှုတွေ၊ အကန့်အသတ်တွေ နဲ့ သယ်ယူနေရပြီး စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF အဖွဲ့တွေအကြား ညှိနှိုင်းမှုတွေ လုပ်ထားပေမယ့် လွယ် လွယ်ကူကူနဲ့ သယ်လို့ယူလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese


မင်းတပ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့ရသူ ခြောက်ဦးရှိ မင်းတပ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့ရသူ ခြောက်ဦးရှိ Reviewed by THITHTOOLWIN on 05:50 Rating: 5

No comments:

Powered by Blogger.