စုငွေတွေကို စာရင်းရှင်အပ်ငွေလို ငွေပြန်ထုတ်မပေးဖို့ ဗဟိုဘဏ် ညွှန်ကြား

ငွေစုဘဏ်အပ်ငွေစာရင်း Saving Account ဖွင့်ပြီး ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေကို ပြန်လည်ထုတ်ယူရာမှာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း တစ်ပတ်တစ်ကြိမ်ပဲ ထုတ်ခွင့်ပေးဖို့ အပါအဝင် ကန့်သတ်ချက်အသစ်တွေကို ဗဟိုဘဏ်က ထပ်မံ ချမှတ်လိုက်ပါတယ်။

လက်ရှိ အခြေအနေမှာ ကန့်သတ်ချက်တွေ အမျိုးမျိုးရှိနေလို့ ဘဏ်တွေမှာကိုယ်အပ်ထားတဲ့ငွေကို ကိုယ်ပြန်ထုတ်ယူရာမှာ အခက်အခဲတွေရှိနေတဲ့ အချိန်မှာပဲ ဘဏ်တွေက လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ ဆိုပြီး အခုလို ထပ်မံ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဘယ်အချက်တွေလဲ

ဇွန်လ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ ညွန်ကြားစာမှာ ငွေစုဘဏ်အပ်ငွေစားရင်း ဖွင့်ထားသူတွေကို စာရင်းရှင်အပ်ငွေစာရင်း Current Account ဖွင့်ထားသူတွေလို ငွေပြန်ထုတ်မပေးဖို့၊ ပမာဏ တစ်ခု ကန့်သတ်ပြီး တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာထုတ်ပေးဖို့တို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

ကုန်ပစ္စည်း ရောင်းသူတွေကို ငွေပေးချေတဲ့နေရာမှာလည်း ဘဏ်အချင်းချင်းငွေလွှဲတဲ့Account Transfer ဒါမှမဟုတ် Digital Payment တွေနဲ့ ပေးချေနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြဖို့၊ ကုန်သည်တွေနဲ့ ကုန်တိုက်တွေမှာ ကတ်နဲ့ ရောင်းချငွေတွေကို ပြန်လည်ထုတ်ပေးရာမှာ ဘဏ်တွေက ၅၀ ရာခိုင်နှုန်းသာ ထုတ်ပေးဖို့တို့လည်း အဲဒီညွှန်ကြားချက်မှာ ပါပါတယ်။

ဒါ့အပြင်ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်း အနေနဲ့ မဖြစ်မနေ ငွေသားထုတ်ပေးဖို့ လိုအပ်သူတွေကလွဲရင် ငွေသားထုတ်ပေးတာထက် စာရင်းပြောင်းပေးချေမှုကို ဦးစားပေးဖို့ ဘဏ်တွေဘက်က ညှိနှိုင်း ဆောင်ရွက်ပါလို့ ညွှန်ကြားထားပါတယ်။

ဒီလို ညွှန်ကြားတာဟာ ငွေကြေးလွယ်ကူမှုနဲ့ ငွေသား စီမံခန့်ခွဲမှုကို ပိုမိုထိန်းကျောင်းဖို့ လိုအပ်လာတဲ့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဗဟိုဘဏ်က အကြောင်းပြပေမဲ့ ပြည်သူတွေကြားထဲမှာတော့ ငွေအလွယ်တကူ မထုတ်နိုင်အောင် ကန့်သတ်ချက်တွေ ထပ်မံ လုပ်ပြန်ပြီဆိုပြီး စိုးရိမ်ပူပန်မှုတွေ တိုးလာကြပြန်ပါတယ်။

ဘဏ်အပ်နှံငွေကို ပြန်လည်ထုတ်ယူရာမှာ ကန့်သတ်မှုတွေ ပိုတိုးလာတာကြောင့် ဘဏ်တွေကို အသုံးပြုသူတွေရဲ့ ယုံကြည်မှုကျဆင်းလာရင် ငွေသားကိုင်ဆောင် သုံးစွဲမှုတွေ ပြန်လည် များပြားလာပြီး ဒစ်ဂျစ်တယ် နည်းနဲ့ ငွေပေးငွေချေစနစ်အသုံးပြုတာ၊ ဘဏ်တွေမှာ ငွေအပ်နှံသူတွေ လျော့ပါး လာတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ငွေကြေးဆိုင်ရာ ပညာရှင်တွေက သုံးသပ်ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

စုငွေတွေကို စာရင်းရှင်အပ်ငွေလို ငွေပြန်ထုတ်မပေးဖို့ ဗဟိုဘဏ် ညွှန်ကြား  စုငွေတွေကို စာရင်းရှင်အပ်ငွေလို ငွေပြန်ထုတ်မပေးဖို့ ဗဟိုဘဏ် ညွှန်ကြား Reviewed by THITHTOOLWIN on 06:21 Rating: 5

No comments:

Powered by Blogger.