မြန်မာနိုင်ငံတဝန်း စစ်အင်အားတိုးချဲ့နေတဲ့အပေါ် လူ့အခွင့်အရေးမဟာမင်းကြီး သတိပေး

ကရင်ပြည်နယ်ထဲမှာ တွေ့ရတဲ့ မြန်မာတပ်ဖွဲ့များ (ဓာတ်ပုံ-AP)

မြန်မာနိုင်ငံအနှံ့မှာ စစ်အင်အားတွေ တိုးချဲ့ချထားနေတာနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုများလာနေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် လက်နက်ကိုင်အုပ်စုတွေကိုရော၊ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတာတွေ ပိုများလာနေတယ်လို့ Michelle Bachelet ကပြောပြီး မြန်မာနိုင်ငံအခြေအနေ ပိုပြီးဆိုးလာနေတာကို သတိပေးတဲ့အကြောင်း သူ့ရဲ့ပြောခွင့်ရ ရာဗီနာ ရှမ်ဒါဆာနီက ဂျီနီဗာမြို့မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“ပြီးခဲ့တဲ့ လေးလအတွင်းမှာပဲ မြန်မာနိုင်ငံဟာ အခြေမခိုင်သေးတဲ့ ဒီမိုကရေစီအခြေအနေကနေ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြရပြီ” လို့ မဟာမင်းကြီးကပြောတဲ့အကြောင်း ပြောခွင့်ရ ရှမ်ဒါဆာနီက ပြောသွားပါတယ်။

ကယားပြည်နယ်ထဲက ဒေသခံ ၁၁၀,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွါ ထွက်ပြေးနေကြရတယ်ဆိုတာ ယုံကြည်စိတ်ချရတဲ့သတင်းတွေကို ရရှိထားတယ်လို့လည်း မဟာမင်းကြီး Bachelet ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ကုလလူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ကတည်းက စလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့သူ အနည်းဆုံး ၈၆၀ ရှိသွားပြီလို့ ပြောပါတယ်။ ဒါ့အပြင် ဆန့်ကျင်ကန့်ကွက်ပွဲတွေအတွင်း စစ်အစိုးရကို ဆန့်ကျင်သူတွေ၊ သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူပေါင်း ၄,၈၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားကြောင်း လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ဘက်ခေါင်းဆောင်တွေ တဦးချင်းစီအနေနဲ့ တာဝန်ယူရမှာ ဖြစ်ကြောင်းလည်း မစ္စဘက်ချ်လက်က ပြောပါတယ်။

လာမယ့် ဇူလိုင်လထဲ ကျင်းပဖို့ရှိတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို မဟာမင်းကြီး Bachelet က တင်ပြဖို့ရှိတယ်လို့ မဟာမင်းကြီးရုံးက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/military-troops-dispatches-all-region-in-Burma-/5925127.html

မြန်မာနိုင်ငံတဝန်း စစ်အင်အားတိုးချဲ့နေတဲ့အပေါ် လူ့အခွင့်အရေးမဟာမင်းကြီး သတိပေး မြန်မာနိုင်ငံတဝန်း စစ်အင်အားတိုးချဲ့နေတဲ့အပေါ် လူ့အခွင့်အရေးမဟာမင်းကြီး သတိပေး Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.