ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်မှာ ပေါင်းစစ်ဖွယ်ရှိ

ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတဦး ကိုင်ဆောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတူ ပို့စ်စတာ။ (ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁)

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို နေပြည်တော်မှာ စစ်ဆေးသွားဖို့ရှိနေပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အမှု ဒီကနေ့ရုံးချိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြို့မှာ တရားစွဲခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဒီနေ့ ရုံးချိန်းရှိပေမဲ့ ဘာမှ ကြားနာ လေ ျှာက်ထားချက်တွေ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ရုံးချိန်းထဲက ဒီအမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တောင်းယူသွားတာကြောင့် ဒီနေ့ရုံးချိန်းမှာလည်း နောက်ထပ် ရုံးထုတ်မယ့်ရက်အဖြစ် ဇွန်လ ၁၇ ရက်နေ့ကို ထပ်ချိန်းခဲ့ပါတယ်။

နေပြည်တော်မှာ တရားစွဲထားတဲ့ အမှု ၆ မှုနဲ့ ပေါင်းပြီး စစ်ဆေးမယ့် အခြေအနေရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်အဖွဲ့ထဲက ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

"ဒီနေ့ ရုံးချိန်းပဲ။ အမတို့မှာ အမှုတွဲ မရှိတဲ့အတွက် ရုံးချိန်းပဲ ပေးတာ။ ရုံးပြောင်းကို ဥပဒေဘက်က တက်တာလားမသိဘူး။ နေပြည်တော်မှာ အမှုပေါ်တယ်လို့ အမသိတယ်။ တနင်္လာနေ့သွားမှပဲ အမတို့ သေချာသိမယ်ထင်တယ်။ နေပြည်တော်ဘက်ကိုလေ... ဥပဒေဘက်ကနေပြီးတော့ ရုံးပြောင်းကို တက်လို့ လက်ခံလိုက်လို့ ဒီအမှုအတွဲကို တောင်းတာ ဖြစ်မယ်လို့ ထင်တယ်။ တရားရုံးအမှုခေါ်စာကတော့ ထွက်တယ်။ အမ မျက်မြင်တော့မဟုတ်သေးဘူး။ ဒါပေမဲ့ အမကို ပြောတယ်ပေါ့နော်... သေချာတော့ မသိသေးဘူး။ တနင်္လာနေ့ ၇ ရက်နေ့ ရုံးချိန်းပြီးရင်တော့ အမတို့ ပြောနိုင်မယ်လို့ ထင်တယ်။"

စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell ဆီက စာရွက်စာတမ်းတွေ တွေ့ရှိမှုကြောင့်ဆိုပြီး ခုလို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)နဲ့ ရန်ကုန်မြို့မှာ အမှုဖွင့်တရားစွဲထားတာပါ။

အမှုတွဲတခုထဲဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်ကို ပြောင်းရွှေ့လိုက်ရင် Sean Turnell ရဲ့ အမှုကိုလည်း နေပြည်တော်ကို ပြောင်းနိုင်တယ်လို့ ရှေ့နေတွေက ခန့်မှန်းနေပါတယ်။

နေပြည်တော်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၆ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ အဲဒီထဲက အမှုတခုမှာ သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုတွဲ တခုထဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ကတော့ စစ်ကောင်စီက စီစဉ်တဲ့ အထူးတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို လူကိုယ်တိုင်ာရုံးထုတ် ကြားနာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့ထဲက နေပြည်တော်မှာ ဖမ်းဆီးခံထားရပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ စုစုပေါင်း အမှု ၇ မှုနဲ့ တရားစွဲခံထားရပေမဲ့ သူ့ရဲ့ အမှုကိစ္စတွေကို ဥပဒေအကျိုးဆောင်တွေနဲ့ သီးသန့် သေသေချာချာ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။ မတ်လ ၂၄ ရက်နေ့က ရုံးထုတ်စဉ်မှာတော့ ကြားနာမှု မစခင် ရှေ့နေတွေနဲ့ နာရီဝက်လောက်သာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပါတယ်။

သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေအတွက် စတင် စစ်ဆေးခြင်း မရှိသေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ထားပါတယ်။ လာမယ့် ရုံးချိန်းကျရင် အမှုတွေကို စတင် စစ်ဆေးမှာလားဆိုတာ မသိရသေးဘူးလို့ သူ့ရဲ့ ရှေ့နေတွေပြောပါတယ်။


မခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/dassk-hearing-myanmar-military-coup/5915100.html

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်မှာ ပေါင်းစစ်ဖွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှု နေပြည်တော်မှာ ပေါင်းစစ်ဖွယ်ရှိ Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.