သံတွဲက ဆရာမပိုးတွေ့တဲ့ကျောင်းကို ယာယီပိတ်ထား၊ ကျန်ကျောင်းတွေကိုပိတ်ဖို့အစီအစဉ်မရှိ


ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့နယ် ငပလီမြို့က ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ဆရာမတာဝန်ကျနေတဲ့ ကျောင်းကို ယာယီပိတ်ထားတယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

အဲ့ဒီဆရာမဟာ ငပလီမြို့ လင်းသာရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ဂျိတ်တောရပ်ကွက်က ကျွဲသောက်ကုန်းစာသင်ကျောင်းမှာ တာဝန်ကျနေသူပါ။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့က ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆရာမဆီမှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာမှာ ထိတွေ့ခဲ့သူတွေကို ထပ်မံစစ်ဆေးရာမှာ ကူးစက်ခံထားရသူတွေ အများအပြားတွေ့ရှိခဲ့ပြီးနောက် ကလေးတွေကို ကူးစက်မှု စိုးရိမ်လို့ ပိတ်ခဲ့တာလို့ ဦးလှသိန်းက ပြောပါတယ်။

"အဲ့ဒီဆရာမတက်ခဲ့တဲ့ကျောင်းကို ပိတ်ထားပါတယ်။ တစ်ပတ်ဆယ်ရက် ပိတ်မယ်။ ကျောင်းကိုသန့်ရှင်းရေးလုပ်မယ်။ အဲ့ဒီဆရာမလည်း ကိုဗစ်ပိုမတွေ့တော့တဲ့အခါမှ ပြန်ဖွင့်မယ်။ တက်လို့ရပြီတက်ပါဆိုတဲ့အခါမှ တက်မှာဖြစ်ပါတယ်။"လို့ ဦးလှသိန်းက ပြောပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းမှာလည်း မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတစ်ဦးမှာ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားတာဖြစ်ပါတယ်။

စစ်တွေမြို့မှာ ဇွန်လ ၁ ရက် ကျောင်းတွေ ပြန်ဖွင့်ခဲ့စဥ်

ဆရာမတစ်ဦးမှာ ပိုးတွေ့လို့ကျောင်းကိုပိတ်ထားပေမယ့် ဘဏ်ဝန်ထမ်းတစ်ဦးမှာပိုးတွေ့တယ်ဆိုပြီး ဘဏ်ကိုပိတ်ဖို့အတွက် အစီအစဉ်မရှိလို ပြည်သူတွေအတွက် ငွေရေးကြေးရေးအကျပ်အတည်းမဖြစ်စေဖို့အတွက်ကိုလည်း ထည့်သွင်းစဉ်းစားပြီးမှ အခုလိုဆုံးဖြတ်ရတာဖြစ်တယ်လို့ဆိုပါတယ်။

ပိုးတွေ့တဲ့ ဘဏ်ဝန်ထမ်းအနေနဲ့လည်း ရုံးတက်ခွင့်မရှိသလို ဆက်စပ်သူတွေကိုလည်း စစ်ဆေးတာတွေပြုလုပ်ထားပြီး ဘဏ်ကိုလာရောက်ကြတဲ့ ပြည်သူတွေကိုလည်း ထပ်မံကူးစက်မှုတွေမဖြစ်စေဖို့အတွက် စနစ်တကျ ဆောင်ရွက်ထားပြီး သားဖြစ်မယ်လို့ ပြောပါတယ်။

ဒေသခံတွေဘက်ကလည်း အခုလိုကျောင်းတွေမှာ ကိုဗစ်ပိုးတွေ့လာရတဲ့အတွက် စိုးရိမ်မှုတွေရှိနေကြပြီး ကျောင်းတွေကို ပိတ်ထားဖို့ပြောဆိုနေကြတာတွေလည်းရှိနေတာဖြစ်ပါတယ်။

သို့သော်လည်း ကျေးရွာတစ်ရွာကကျောင်းတစ်ကျောင်းမှာ ပိုးတွေ့ရုံနဲ့ တစ်မြို့နယ်လုံးကကျောင်းတွေကို ပိတ်ထားမယ်ဆိုတာလည်းလက်တွေ့မကျသလို တစ်ယောက်ဖြစ်တာမှာ အများနစ်နာရမယ့်အခြေအနေကိုလည်း မရောက်စေချင်ဘူးလို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

ကောင်စီအနေနဲ့လည်း ဒေသတွင်းကိုဗစ် ရောဂါကူးစက်ခံရမှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်လို့ အခြေအနေအရပ်ရပ်ကို နေ့တိုင်း သုံးသပ်လျက်ရှိနေပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းစဉ်တွေကို ချမှတ်လျက်ရှိနေတယ်လို့ ဦးလှသိန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ပိုးကူးစက်ခံရမှုကို ပြီးခဲ့တဲ့ ဧပြီလအတွင်းကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး သုံးလကျော်ကာလ အတွင်း မြို့နယ်သုံးခုမှာ ပိုးကူးစက်ခံရသူပေါင်း ၁၂၆ ဦးရှိပြီဖြစ်ကာ ဇွန်လ ၂၈ ရက် မနေ့ကပိုးတွေ့ရှိမှုအခြေအနေဟာ အများဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

"မနေ့ကအထိတော့ ၁၂၆ ယောက်၊ မနေ့က ၁၂ ယောက်တွေ့တယ်။ သံတွဲ၊ စစ်တွေ၊ မောင်တော တစ်မြို့နယ်မှာ လေးယောက်စီတွေ့တာပါ။ သံတွဲမှာတွေ့တာကတော့ ဆရာမနဲ့ဆက်စပ်သူတွေဖြစ်တယ်။ စုစုပေါင်း ၂၇ ယောက်ရှိပါပြီ။"လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

လက်ရှိမှာ ကိုဗစ် ၁၉ ဒေသတွင်းကူးစက်မှုတွေမြင့်တက်လာနေသလို သေဆုံးသူတွေလည်းရှိလာနေပြီဖြစ်ပေမယ့် ဒေသခံတွေအကြား အကာအကွယ်ပစ္စည်းတွေကိုအသုံးပြုမှုနည်းပါးနေသလို ကျောင်းတွေမှာလည်း သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာမှုနည်းပါးနေတာကိုတွေ့နေရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပိုးကူးစက်ခံထားရသူ ၁၂၆ ဦးအနက် စစ်တွေမြို့နယ်က ၇၅ ဦး၊ မောင်တောမြို့နယ်က နှစ်ဦးတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝင်လာသူတွေဖြစ်ကြပြီး ကျန်တဲ့ပိုးကူးစက်ခံရသူတွေကတော့ ဒေသတွင်းကူးစက်မှုတွေဖြစ်ကြကာ လက်ရှိမှာ သံတွဲမြို့နယ်အတွင်း ကူးစက်ခံရသူ အများဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်သူ ရာဂဏန်းချီတွေတဲ့ ရက်တွေ ဆက်တိုက်ဖြစ်ခဲ့ရာက မနေ့က အများဆုံးအဖြစ် တစ်ရက်တည်း တစ်နိုင်ငံလုံး ကူးစက်သူ အသစ် ၁၂၂၅ ဦး အထိ တွေ့ရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-57652922

သံတွဲက ဆရာမပိုးတွေ့တဲ့ကျောင်းကို ယာယီပိတ်ထား၊ ကျန်ကျောင်းတွေကိုပိတ်ဖို့အစီအစဉ်မရှိ သံတွဲက ဆရာမပိုးတွေ့တဲ့ကျောင်းကို ယာယီပိတ်ထား၊ ကျန်ကျောင်းတွေကိုပိတ်ဖို့အစီအစဉ်မရှိ Reviewed by THITHTOOLWIN on 19:55 Rating: 5

No comments:

Powered by Blogger.