စစ်ကောင်စီဝန်ကြီးသားနဲ့ ရန်ဖြစ်ပြီး စားသောက်ဆိုင်ဝန်ထမ်းတွေ တရားစွဲခံရ



စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့သား ကိုစည်သူထွဋ်နဲ့ သူ့လုံခြုံရေးအဖွဲ့ တွေက၊ အရပ်သားလူငယ် သုံးယောက်နဲ့ နေပြည်တော်က စားသောက်ဆိုင်တဆိုင်မှာ ခိုက်ရန်ဖြစ်ရာကနေ ဆိုင်ဝန်ထမ်းတွေပါ ပါဝင်ပတ်သက်မိသွားပြီးတဲ့နောက် ရန်ပွဲမှာမပါတဲ့ ဆိုင်ပိုင်ရှင်ရော ဝန်ထမ်း ၁၅ ယောက်ကိုပါ ရဲတပ်ဖွဲ့က ပုဒ်မ ငါးခုနဲ့တရားစွဲပြီး ဇွန်လ ၉ ရက်နေ့ညနေမှာ နေပြည်တော် အချုပ်ထောင်ကို ပို့လိုက်တယ်လို့ RFA က စုံစမ်းသိရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရလက်ထက်မှာ ပိတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တချို့ကို လျှော့ချလိုက်တဲ့နောက်မှာ နေပြည်တော်မှာ စားသောက်ဆိုင်တချို့ ပြန်ဖွင့်လာပါတယ်။ အဲဒီအထဲမှာ သပြေကုန်းရပ်ကွက် ဧရာဝတီလမ်းမကြီးပေါ်မှာ ရှိတဲ့ Excellent Bar & Restaurant အဖျော်ယမကာနဲ့ စားသောက်ဆိုင်လည်း ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ ပြန်ဖွင့်ခဲ့သလို ဖျော်ဖြေရေးတေးဂီတလည်း ပြန်ပြီးထည့်သွင်းခဲ့ပါတယ်။

ဆိုင်ပြန်ဖွင့်ပြီး တစ်လပြည့်တဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ဇွန်လ ၇ ရက်နေ့ညမှာတော့ ဝန်ကြီး ဒု-ဗိုလ်ချုပ် ကြီး စိုးထွဋ်ရဲ့သား ကိုစည်သူထွဋ်နဲ့အတူ သူ့မိတ်ဆွေအမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်က တဝိုင်းတည်းထိုင် စားသောက်ကြပြီး၊ သူတို့ဘေးက တခြားစားပွဲမှာတော့ သူတို့ကို လုံခြုံရေးယူပေးနေတဲ့ အရပ်ဝတ်နဲ့ စရဖအဖွဲ့ဝင်တွေ ၄-၅ ယောက်လောက် ထိုင်ကြပါတယ်။ အနားက စားပွဲမှာတော့ အရပ်သားလူငယ် သုံးယောက်ရှိနေပါတယ်။

နေပြည်တော်မှာ ည ၁၀ နာရီနောက်ပိုင်းမထွက်ရ အမိန့်ကြောင့် Excellent ဆိုင်က တေးဂီတဖျော်ဖြေ မှုကို ၉ နာရီ ၁၅ မိနစ်မှာပုံမှန်ရပ်ပြီး ၁၀ နာရီမထိုးခင် ဆိုင်သိမ်းလေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီနေ့ ကလဲ ၉ နာရီခွဲလောက်မှာ တီးဝိုင်းရပ်လိုက်ပြီး ဝန်ထမ်းတွေက ဆိုင်သိမ်းဖို့ပြင်ဆင်နေသလို ဆိုင်ရှင် ဦးမျိုးဝေလင်းက အိမ်ပြန်သွားနှင့်ပြီလို့ သိရပါတယ်။

ဆိုင်မှာတော့ ကိုစည်သူထွဋ်နဲ့အဖွဲ့ဟာ မပြန်သေးသလို သူတို့ဘေးက လူငယ်ဝိုင်းလည်း မပြန်သေးဘဲ ရှိနေသေးတယ်လို့ မျက်မြင်တချို့က ပြောပါတယ်။ အဲဒီအချိန်မှာ အပြန်အလှန် စနောက်ကြရာကနေ စကားများပြီး ကိုစည်သူထွဋ်တို့အဖွဲ့က တဖက်လူငယ်တွေကို ဘီယာပုလင်းတွေ၊ ထိုင်ခုံတွေနဲ့ ပစ်ပေါက် တိုက်ခိုက်လို့ အင်အားမမျှတဲ့အတွက် လူငယ် သုံးယောက် ကစဉ့်ကလျား ထွက်ပြေးပြီး နှစ်ယောက်က ဆိုင်အပြင်ဘက် ရာက်သွားပေမယ့် တယောက်ကတော့ ဆိုင်ရဲ့ မီးဖိုခန်းထဲ ဝင်ပြေးသွားပါတယ်။

အဲဒီလူငယ်ကို ကိုစည်သူထွဋ်နဲ့ ပါလာတဲ့အဖွဲ့က မီးဖိုထဲထိလိုက်ပြီး ထိုးကြိတ်တဲ့အခါ စားဖိုမှူးက ဟန့်တားတာကို ထိုးတဲ့အတွက် ဝန်ထမ်းတွေကပါ မခံရပ်နိုင်ဖြစ်ပြီး အပြန်အလှန်သတ်ပုတ်ကြတဲ့အထိ ဖြစ်ကြပါတယ်။ ဒါပေမယ့် ကိုစည်သူထွဋ်ကို ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ရဲ့သားလို့ အဲဒီအချိန်ထိ ဘယ်သူမှ မသိသေးဘူးလို့ အမည်မဖော်လိုသူက RFA ကို ပြောပြပါတယ်။

ဇွန်လ ၇ ရက်တနင်္လာနေ့ ည ခိုက်ရန်ဖြစ်ပွားအပြီး ဆိုင်အတွင်း မြင်ကွင်း။

အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ကိုစည်သူထွဋ်က သူဟာဝန်ကြီးသားဖြစ်တဲ့အကြောင်း အော်ပြောသလို၊ သူ့လုံခြုံရေး အဖွဲ့တွေက ရဲကိုခေါ်လိုက်တဲ့အတွက် ကားအစီး ၂၀ လောက်နဲ့ အင်အားပြည့်ရဲတပ်ဖွဲ့တွေ ရောက်လာပါတယ်။ ရဲတွေက ဆိုင်ထဲရှိတဲ့ လူတွေ အကုန်လုံးကို ဖမ်းလိုက်ပြီး ထိုင်ခိုင်းထားသလို ဆိုင်နံရံတွေ၊ ဝန်ထမ်းတွေရဲ့ အခန်းတွေကို သေနတ်ဒင်တွေနဲ့ရိုက်နှက်ဖွင့်တာ၊ တယ်လီဖုန်းတွေ သိမ်းတာ၊ ဖုန်းထဲက ရိုက်ထားတဲ့ပုံတွေ၊ ရုပ်သံဖိုင်တွေကို ဖျက်ဆီးတာတွေ လုပ်လိုက်သလို၊ ဆိုင်ထဲမှာ CCTV စောင့် ကြည့်ကင်မရာ မှတ်တမ်းရှိရင် ဖျက်ဆီးဖို့ ရဲအရာရှိကပြောပါ တယ်။ ဒါပေမယ့် ဆိုင်မှာ CCTV မတပ်ရ သေးလို့ ဖျက်စရာ မှတ်တမ်းမရှိသလို၊ ဖုန်းတွေ အသိမ်းခံရလို့ မှတ်တမ်း သိပ်မကျန်လိုက်ဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီခိုက်ရန်ဖြစ်နေတဲ့အချိန် ည ၁၀ နာရီကျော်မှာပဲ ဆိုင်မှာပြဿနာဖြစ်နေတာကို ဝန်ထမ်းတွေက ဖုန်းဆက်ပြီးပြောတဲ့အတွက် ပြဿနာဖြေရှင်းပေးဖို့ ဆိုင်ပိုင်ရှင် ဦးမျိုးဝေလင်း ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ပြည်ထဲရေးဝန်ကြီးရဲ့သားနဲ့အဖွဲ့ကလွဲလို့ ဦးမျိုးဝေလင်း အပါအဝင် ရှိသမျှလူအကုန်လုံးကို လက်ပြန်ကြိုးတုပ်ပြီး ရဲတပ်ဖွဲ့က ကားအစီး ၂၀ နဲ့ ဖမ်းခေါ်သွားပါတယ်။

သန်းခေါင်ကျော် မနက်လင်းအားကြီးအချိန်လောက်မှာတော့ အမျိုးသမီး ၁၇ ယောက်ကို ခံဝန်ကတိ နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင် ဦးမျိုးဝေလင်းနဲ့ ဝန်ထမ်း ၁၅ ယောက်ကို ဆက်ချုပ်ထားပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတယောက်ပါပြီး သူက ဆိုင်ရဲ့ငွေသိမ်းကောင်တာ ဝန်ထမ်းဖြစ်သလို စားဖိုမှူးရဲ့ဇနီးလို့သိရပါတယ်။ အဲဒီအမျိုးသမီးက သူ့ယောကျ်ားစားဖိုမှူး အထိုးခံနေရတာမြင်လို့ အော်ဟစ်အကူအညီတောင်းတာကို လှုံ့ဆော်တယ်ဆိုပြီး ဖမ်းသွားတာလို့လဲ နီးစပ်သူတယောက် ကပြောပါတယ်။

ဇွန်လ ၇ ရက်တနင်္လာနေ့ ည ခိုက်ရန်ဖြစ်ပွားအပြီး ဆိုင်အပြင် မြင်ကွင်း။

မနေ့က ဇွန်လ ၉ ရက်နေ့ မှာတော့ သူတို့ ၁၆ ယောက်ကို ပုဒ်မ ၃၇၉ လုယက်မှု/ခိုးမှု၊ ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၂၉၄ ဆဲဆိုမှု၊ ပုဒ်မ ၅၀၆ ခြောက်လှန့်မှု၊ ပုဒ်မ ၁၁၄ အားပေး ကူညီမှု၊ စုစုပေါင်း ပုဒ်မ ၅ ခုစီနဲ့ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ တရားစွဲပြီး ညနေမှာ နေပြည်တော် အချုပ်ထောင်ကို ပို့လိုက်ပါတယ်။ ထောင်ကို ပို့လိုက်တဲ့ အထိ သူတို့အတွက် လိုက်ပေးမယ့် ရှေ့နေ ဦးအေးမြင့်နဲ့တွေ့ခွင့်မရသေးလို့ နောက်တပတ် ရုံးချိန်းမှာ ပါဝါလွှဲစာတင်မယ်လို့ သိရပါတယ်။

ကိုစည်သူထွဋ်တို့အဖွဲ့နဲ့ စပြီး ခိုက်ရန်ဖြစ်တဲ့ လူငယ် သုံးယောက်က၊ ကုမ္ပဏီဝန်ထမ်းတွေလို့သိရပြီး၊ သူတို့ထဲက စားဖိုထဲဝင်ပြေးတဲ့ တစ်ယောက်ကို အခင်းဖြစ်တဲ့ညက ဖမ်းသွားပေမယ့် နောက်တနေ့မှာ ခံဝန်ကတိနဲ့ပြန်လွှတ်လိုက်ပါတယ်။ ကိုစည်သူထွဋ်ဟာ မကြာသေးတဲ့ ကာလတုန်းကလဲ နေပြည်တော်က KTV ဆိုင်တဆိုင်မှာ ပြဿနာရှာခဲ့တဲ့အတွက် အဲဒီဆိုင် တစ်ပတ် ပိတ်သိမ်းခံခဲ့ရတယ်လို့ နေပြည်တော်အရပ်ဘက် အသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

လက်ရှိမှာ အသက် ၆၀ ရှိနေပြီဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံတဦးဖြစ်ပြီး၊ အာဏာမသိမ်းခင် NLD အစိုးရကာလမှာ စရဖလို့ခေါ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဆန်းပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တယ်လို့ယူဆခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို ပြည်ထဲရေးဝန်ကြီးရာထူးကနေ အနားပေးလိုက်ပြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အစားထိုးခန့် အပ်ထားတာ ဖြစ်ပါတယ်။အခု အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီမှာလည်း ပြည်ထဲရေးဝန်ကြီး အဖြစ် ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်ခန့်ခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ တွေ့ရတဲ့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်(ဝဲ)။(File Photo/AFP)

ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ဇနီးဒေါ်နီလာစိန်မှာ ကိုမင်းသန်းထွဋ်၊ ကိုစိုးမင်းထွဋ်နဲ့ ကိုစည်သူထွဋ်တို့ သားသုံးယောက်ရှိပြီး ကိုစည်သူထွဋ်က အငယ်ဆုံးလို့ သိရပါတယ်။ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ရဲ့ သားတွေက သတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး၊ အိမ်ခြံမြေ ရောင်းဝယ်ရေး၊ ကုန်ပစ္စည်း လက္ကားရောင်းဝယ်ရေးတွေ လုပ်ကိုင်တဲ့ Cherry Chapter Myanmar Co. Ltd နဲ့ Strong Step Co. Ltd တို့ကို ပိုင်ဆိုင်ထားတယ်လို့ စစ်တပ်ခေါင်းဆောင်တွေရဲ့ နောက်ကြောင်းရာဇဝင်တွေ ဖော်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ရဲ့ ၂၀၂၀ ဇူလိုင် ၂၉ရက်နေ့က အစီရင်ခံစာမှာ ရေးသားထားပါတယ်။

RFA Burmese
စစ်ကောင်စီဝန်ကြီးသားနဲ့ ရန်ဖြစ်ပြီး စားသောက်ဆိုင်ဝန်ထမ်းတွေ တရားစွဲခံရ စစ်ကောင်စီဝန်ကြီးသားနဲ့ ရန်ဖြစ်ပြီး စားသောက်ဆိုင်ဝန်ထမ်းတွေ တရားစွဲခံရ Reviewed by THITHTOOLWIN on 21:17 Rating: 5

No comments:

Powered by Blogger.