ချင်းပြည်နယ်စစ်ဘေးဒုက္ခသည်များ စားသောက်နေထိုင်ရေးပိုခက်ခဲလာ

တောထဲထွက်ပြေးပုန်းရှောင်နေကြရတဲ့ မင်းတပ်ဒေသခံများ (ဓာတ်ပုံ - Khonumthung သတင်းဌာန)

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာခိုလှုံနေကြရတဲ့ မင်းတပ်မြို့နယ် ကန်ပက်လက် မြို့နယ်နဲ့ ထန်တလန်မြို့နယ်တွေက စစ်ဘေးဒုက္ခသည်တွေ စားရေးသောက်ရေး အတော် အခက် တွေ့နေကြပါတယ်။ သူတို့အတွက် ရိက္ခာပို့ပေးတဲ့ လမ်းကြောင်းတွေကို စစ်တပ်က ပိတ်ထားတဲ့အတွက် အစားအသောက် ဆေးဝါး ရှားပါးခက်ခဲနေကြပါတယ်။ ဒီအခြေအနေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။

ချင်းပြည်နယ်မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ထန်တလန်မြို့နယ်တွေမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ပြေးဒုက္ခသည်တွေဖြစ်နေကြပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေမှာ စစ်တပ်က အင်အားဖြည့်ပြီး နေရာယူထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် စား၊ ရေ၊ ရိက္ခာပို့ပေးနိုင်ဖို့ အတော်လေး အခက်အခဲဖြစ်နေတယ်လို့ ပြည်တွင်းဒုက္ခသည်တွေအရေးကူညီပေးနေသူတယောက်က ဗီအိုအေကို ပြောပါတယ်။

"ကျွန်တော်တို့မှာအနည်းဆုံး တသောင်းနဲ့နှစ်သောင်းကြားမှာရှိနေတယ်။ ကျွန်တော်တို့က အခုဟာ သူတို့က(စစ်တပ်က) နယ်ဘက်ကိုပြန်ဆင်းလာတော့ ရွာတွေအကုန်လုံးကစစ်ဘေးရှောင်ဖြစ်ခဲ့တယ်။ ရွာတိုင်းကပြေးနေရတယ်။ ဒီဘက်ကိုရောက်ရင် နောက်တရွာပြန်ပြေးနေတဲ့ စစ်ဘေးရှောင်ဖြစ်နေတယ် ကျွန်တော်တို့က ။ ဒီအတိုင်းတာ ထိုးစစ်တောက်လျှောက်ဆင်မယ်ဆိုရင်တော့ ဒီတလအတွင်းမှာ စစ်ဘေးရှောင်ငါးသောင်းဖြစ်သွားလိမ့်မယ်။"

အဓိက ရိက္ခာသယ်တဲ့ ချင်း-မကွေး နယ်စပ် လမ်းကြောင်းအားလုံးကို စစ်ကောင်စီ တပ်တွေက ပိတ်ဆို့စစ်ဆေးမှုလုပ်နေတာကြောင့် ရိက္ခာသယ်ယူရာမှာအခက်ခဲရှိတယ်လို့ သူကဆက်ပြောပါတယ်။

"သူတို့ပိတ်တယ်ဆိုတာ အခုကျွန်တော်တို့တိုက်ပွဲဖြစ်တဲ့နေရာတောက်လျှောက်က ကျွန်တော်တို့ရိက္ခာသယ်တဲ့ လမ်းတွေပါဘဲ ကန့်သတ်ပိတ်တာ။ ကျွန်တော်တို့ရိက္ခာသယ်လို့မရဘူး ရှိတဲ့လမ်းကြောင်းကအခုက။ လောလောဆယ်စစ်ဘေးရှောင်က တသောင်းနဲ့နှစ်သောင်းကြားဆိုပေမဲ့ သူတို့က ဒီလိုပိတ်လိုက်မယ်ဆိုရင်တော့ အကုန်ငတ်မှာဘဲ။"

စစ်တပ်တွေ ချထားတဲ့အတွက် ချင်းပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် ပရဟိတအဖွဲ့တွေက ပေးပို့လှူဒါန်းတဲ့ ပစ္စည်း တွေကို ဒုက္ခသည်တွေဆီ အရောက် ပို့မပေးနိုင်ဘူးလို့ ဒုက္ခသည်တွေအရေးလုပ်ပေးနေတဲ့ ခရိယာန်ဘာသာရေးခေါင်း ဆောင် ဦးငိုင်းဆတ်က ပြောပါတယ်။

"အကူညီပေးမဲ့မိတ်ဆွေတွေကအဖွဲ့အစည်းတွေက သူတို့ကတော့ ပုဂ္ဂိုလ်အရ လာချိတ်ဆက်ကြတယ်။ ဒါပေမဲ့လမ်းကြောင်း မဖွင့်တဲ့အခါကျတော့ ဘယ်လိုမှအဆင်မပြေဘူး။"

မေလ (၁၀) ရက်နေ့ထဲကစလို့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး၊ အခုနောက်ပိုင်းမှာ စစ်တပ်ဖက်က ပြန်လည်ထိုးစစ်ဆင်မှုတွေရှိနေတာကြောင့် စစ်ပြေးဒုက္ခသည်တွေဟာ မူလခိုလှုံနေကြတဲ့ နေရာတွေကနေ ထပ်ပြီး ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာလဲ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် သောင်းချီရှိနေပြီး နေရာ (၄) နေရာမှာ ခိုလှုံနေကြပါတယ်။ ကန်ပက်လက်မြို့နယ်ဘက်က ဒုက္ခသည်တွေ အခြေအနေနဲ့ပါတ်သက်လို့ အကူညီပေးနေ သူတယောက်ကအခုလိုပြောပါတယ်။

"စစ်ရှောင်ကတော့အများကြီးဘဲ တဝက်ကျော်တယ်။ သုံးပုံတပုံလောက်ဘဲမြို့ထဲမှာနေတာ။ အကုန်လုံးလဲ စစ်ရှောင်ကြတယ်။ ခန့်မှန်းခြေကတော့ တသောင်းဝန်းကျင်လောက် ရှိမယ်ထင်တယ်။ စားဝတ်နေရေးကအကုန်လုံးဘဲခက်ခဲကြတယ်။ အခုချိန်ကတော့ မိုးတွင်းလဲရောက်ပြီဆိုတော့ ကားတွေကလဲလွတ်လွတ်လပ်လပ်မသွားလာရဘူးဆိုတော့ စားဝတ်နေရေးကတော့ အကုန်လုံးဘဲ ဆေးဝါးကအစ နောက်ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေအဲဒီလိုမျိုး အဘိုးအဘွားတွေ အဲဒီလိုစားဝတ်နေရေး ဆေးဝါးက အစအကုန်လုံးပေါ့ အခက်ခဲကတော့ရှိတယ်။"

ကန်ပက်လက်မြို့မှာ မေ (၁၃) ရက်နေ့ညက တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့အပြီး စစ်တပ်ဘက်ကအင်အားနဲ့ ထိုးစစ်ဆင် လက်နက် ကြီးနဲ့ ပစ်ခတ်မှုကြောင့် မြို့ခံတွေ သောင်းနဲ့ချီ တိမ်းရှောင်နေကြရပါတယ်။

အလားတူ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြား ဇွန်လ ၁၀ ရက်နေက ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ ထန်တလန်မြို့နယ်မှာလဲ တိုက်ပွဲတွေကြောင့် ကျေးရွာ ၇ ရွာထက်မနည်းက ကျေးရွာသားတသောင်းနီးပါး ထန်တလန်မြို့ထဲနဲ့ တောထဲမှာ စစ်ဘေးလွတ်အောင် ထွက်ပြေးနေရပါတယ်။ ခုလိုဘေးလွတ်ရာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေဟာ မိုးရာသီမှာဖြစ်လေ့ရှိတဲ့ တုပ်ကွေး၊ ငှက်ဖျား စတဲ့ ရောဂါတွေဖြစ်လာမှာစိုးရိမ်နေရသလို စစ္တပ္ဘက္က လက်နက်ကြီးနဲ့ပစ်ခတ်မှာကိုလဲ ပူပန်နေကြပါတယ်။

ချင်းပြည်နယ်ထဲမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် ပြည်သူ (၅၀၀၀၀)ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေ ရတယ်လို့ ပြည်တွင်း ဒုက္ခသည်အရေး ကူညီပေးနေကြသူတွေက ခန့်မှန်းထားပါတယ်။ သူတို့ ယာယီခိုလှုံနေကြတဲ့ နေရာတွေကို တိုက်ပွဲကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးဖို့ စစ်ရှောင်ကော်မီတီကနေ ၂ ဘက်လုံးကို တောင်းဆိုခဲ့ပေမဲ့ စစ်တပ်ဘက်က လက်ခံခြင်း မရှိတဲ့အတွက် သူတို့ရဲ့ဘဝလုံခြုံရေးဟာစိုးရိမ်နေရတယ်လို့ ဒုက္ခသည်တွေအရေး ကူညီသူတွေကပြောပါတယ်။


နိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/chin-idps-in-mindat-military-troops-cut-off-route-for-food-supplies-/5929538.html

ချင်းပြည်နယ်စစ်ဘေးဒုက္ခသည်များ စားသောက်နေထိုင်ရေးပိုခက်ခဲလာ ချင်းပြည်နယ်စစ်ဘေးဒုက္ခသည်များ စားသောက်နေထိုင်ရေးပိုခက်ခဲလာ Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.