ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းမှာ ဇွန် ၁၉ ရက်ညနေငါးနာရီခွဲလောက်က အိမ်စီးကားတစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။
ကားတစ်စီးလုံးနီးပါး မီးလောင်ပေါက်ကွဲပျက်စီးထားတဲ့မြင်ကွင်းလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာကိုတွေ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
ဒေသခံတချို့ရဲ့အပြောအရတော့ ပေါက်ကွဲမှုဟာ နတ်မောက်လမ်းအနီး ကန်တော်ကြီးပတ်လမ်းက ကုလရုံးနားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကန်တော်ကြီးပတ်လမ်းတစ်လျှောက် ထိပ်တစ်ဖက်စီမှာ ဂျပန်သံရုံးနဲ့ နောက်တစ်ဘက်မှာ ယူအန်ရုံးတို့ ရှိကြပြီး အဲဒီလမ်းတစ်လျှောက်လုံးကို ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ လမ်းပိတ်ထားကာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စောင့်ကြပ်နေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တချို့ရက်တွေမှာ ညနေပိုင်းတွေမှာ လမ်းပြန်ဖွင့်ပေးတာမျိုးရှိခဲ့ပြီး နေ့စဉ် မနက်ကနေ ညနေထိ လမ်းပိတ်ထားတဲ့အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။
မနေ့ ဇွန် ၁၈ ရက် ညနေပိုင်းကလည်း တာမွေမြို့နယ်အတွင်း ဗုံးနှစ်လုံးဆင့် မိနစ်ပိုင်းသာခြား ပေါက်ကွဲခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ စစ်ကားတစ်စီးပေါ်နဲ့ အငှားယာဉ်တစ်စီးပေါ်တို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စစ်ကားဟာ မီးလောင်သွားခဲ့ပြီး ကားပေါ်မှာ ပါတဲ့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရခဲ့ကာ အငှားယာဉ်ပေါ်ပေါက်ကွဲမှုမှာတော့ ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
BBC Burmese
No comments:
Post a Comment