ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နယူးယောက်မြို့လယ်ခေါင်မှာ မြန်မာတွေ ကျင်းပ



ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင်မှာ မနေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့က မြန်မာပြည်ဖွား လူအင်အား ၁၀၀ ကျော်လောက် စုရုံးပြီး မြို့လယ်ခေါင် လူစည်ကားရာ နေရာဖြစ်တဲ့ အင်ပါယာ စတိတ်ဘေးဒင်းနားက Flatiron Public Plaza မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀၀၀ လောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ပိုပြီးဖိအားပေး ဒဏ်ခတ်ပိတ်ဆို့ဖို့ မွေးနေ့ကနေ တောင်းဆိုခဲ့ကြပါတယ်။

မွေးနေ့ဆုတောင်းပွဲကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

နယူးယောက်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ကို သရုပ်ဆောင် ဥက္ကာမင်းမောင်၊ မြန်မာနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ လူမှုကွန်ရက်မှာ နာမည်ကြီးသူ မပန်ဆယ်လို လည်း တက်ရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၇၆ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ပြည်ပ နိုင်ငံတော်တော်များများမှာ လွတ်လွတ်လပ်လပ် ကျင်းပနေကြ သလို ပြည်တွင်းထဲကသူတွေကလည်း အခက်အခဲ အဖမ်းအဆီးတွေကြားကနေ ပန်းသပိတ်တွေကို မနေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို ပြန်လာပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့ တော်တော်များများကို အချုပ်အနှောင်ဘဝနဲ့ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။

ဒီအကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မတစ်ခုပြီး တစ်ခု ထပ်တိုးတရားစွဲလာတာဖြစ်ပြီးတော့ အခုဆိုရင် တရားစွဲထားတာ ခုနစ်မှု ရှိသွားပါပြီ။ ဒီစွပ်စွဲချက် ပုဒ်မတွေ အားလုံးပေါင်း အရေးယူမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် နှစ် ၂၀ ကျော်ထိ ချမှတ်ခံရနိုင်တယ်လို့ ရှေ့နေတွေက တွက်ချက် ပြောဆိုနေကြပါတယ်။

RFA Burmese



ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နယူးယောက်မြို့လယ်ခေါင်မှာ မြန်မာတွေ ကျင်းပ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နယူးယောက်မြို့လယ်ခေါင်မှာ မြန်မာတွေ ကျင်းပ Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.