အာဆီယံကိုယ်စားလှယ်အဖွဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသွားဖို့ စီစဉ်ထား

အင်ဒိုနီးရှားနိုင်ငံ Jakarta မြို့ရှိ ASEAN အထွေထွေအတွင်းရေးမှူးဌာနရုံး အဆောက်အအုံ။ (ဧပြီ ၂၃၊ ၂၀၂၁)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားတယ်လို့ သံတမန်သတင်းရင်းမြစ်လေးခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး Erywan Yusof နဲ့ ဘရူနိုင်း နိုင်ငံသားပဲဖြစ်တဲ့ အတွင်းရေးမှူးချုပ် Lim Jock Hoi တို့ဟာ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင်တွေ၊ တခြားသက်ဆိုင်သူတွေနဲ့ ဒီသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း သွားခါနီး နောက်ဆုံးအချိန်မှာမှ သွားလာရေးကိစ္စတွေနဲ့ သံတမန်ရေးပိုင်း အခက်အခဲတွေကြောင့် ခရီးစဉ် နှောင့်နှေးသွားနိုင် ဒါမှမဟုတ် ပျက်သွားနိုင်တယ်လို့ သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

ဒီ အာဆီယံကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းဖြုတ်ချခံရပြီး အများအပြား ဖမ်းဆီးခံထားရ ဒါမှမဟုတ် ပုန်းအောင်းနေရတဲ့ အရပ်သားအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အာဆီယံပြောခွင့်ရသူရော၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ပန်ကြားတာကို အကြောင်းမပြန်ခဲ့ပါဘူး။ ဘရူနိုင်းနိုင်ငံရဲ့ အာဆီယံကိုယ်စားလှယ်အဖွဲ့ကလည်း မှတ်ချက်ပေးဖို့ ပန်ကြားချက်ကို အကြောင်းမပြန်ပါဘူး။

မြန်မာ့အရေး "အချက်ငါးချက်ပါ သဘောတူညီချက်" ကို အာဆီယံခေါင်းဆောင်တွေ ကြေညာခဲ့အပြီး သီတင်းငါးပတ်ကျော်အကြာမှာ အခုစီစဉ်ထားတဲ့ ခရီးစဉ်ကိစ္စထွက်လာတာပါ။ အဲဒီအချက်ငါးချက်ထဲမှာ အကြမ်းဖက်နှိမ်နင်းတာတွေ ရပ်တန့်ဖို့၊ ဆွေးနွေးပြောဆိုဖို့၊ လူသားစာနာမှု အကူအညီပေးဖို့၊ အထူးသံတမန်တဦး ခန့်အပ်ဖို့နဲ့ "သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး" အထူးသံတမန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့တို့ ပါဝင်ပါတယ်။

ဒါပေမဲ့လည်း အထူးသံတမန်အဖြစ် ခန့်ထားဖို့ အသင့်တော်ဆုံးလူပုဂ္ဂိုလ် ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို ရွေးချယ်ရေး၊ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်နဲ့ သက်တမ်းကာလတို့အပေါ် အာဆီယံအဖွဲ့ထဲမှာ သဘောထားကွဲနေတာကြောင့် အခုချိန်ထိ မခန့်ထားနိုင်သေးပါဘူး။

အထူးသံတမန်ရဲ့သက်တမ်းကို လက်ရှိအလှည့်ကျဥက္ကဋ္ဌရဲ့ ကျန်တဲ့သက်တမ်းကာလအတွင်းမှာပဲ ခန့်ထားဖို့နဲ့ နောက်အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအလှည့်မှာ ပြန်ပြီးသုံးသပ်ဖို့ ပြီးခဲ့တဲ့လက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ ဘရူနိုင်းနိုင်ငံက ပေးပို့ခဲ့တဲ့ "အဆိုပြုစာတမ်း" ထဲမှာ ဖော်ပြထားတယ်လို့ စာတမ်းပါ အကြောင်းအရာတွေကိုသိထားတဲ့ သတင်းရင်းမြစ်သုံးခုကပြောပါတယ်။ ဒါ့အပြင် အထူးသံတမန်ရဲ့လုပ်ငန်းဟာ စေ့စပ်ညှိနှိုင်းပေးဖို့ပဲဖြစ်ပြီး သံတမန်ရဲ့ မိခင်နိုင်ငံက အကုန်အကျခံပြီးတော့ ဝန်ထမ်းအနည်းငယ်ခန့်ထားဖို့နဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်ဖို့မဟုတ်ဘူးလို့လည်း စာတမ်းထဲမှာ အဆိုပြုထားတဲ့အကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီသတ်မှတ်ချက်တွေဟာ အထူးသံတမန်ရဲ့ အနေအထားနဲ့ လုပ်ဆောင်နိုင်စွမ်းကို အထူးထိခိုက်စေတယ်လို့ အာဆီယံအဖွဲ့ဝင်အတော်များများက မြင်ကြပါတယ်။ လူဦးရေ ၅၀၀,၀၀၀ တောင်မရှိတဲ့ ဘရူနိုင်းစော်ဘွားနိုင်ငံဟာ သံတမန်ရေး ခေါင်းဆောင်မှုအတွေ့အကြုံ မရှိသလောက်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စိုးရိမ်ချက်တွေအပေါ် တုံ့ပြန်တာမရှိသေးဘူးလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။ အထူးသံတမန်ဟာ အာဆီယံဥက္ကဋ္ဌကို ကိုယ်စားပြုရမှာမို့ လက်တွေ့အားဖြင့် ဘရူနိုင်းနိုင်ငံက ခန့်အပ်မှာပဲဖြစ်တယ်လို့ သံတမန်တဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-politics-asean/5912129.html

အာဆီယံကိုယ်စားလှယ်အဖွဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသွားဖို့ စီစဉ်ထား အာဆီယံကိုယ်စားလှယ်အဖွဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသွားဖို့ စီစဉ်ထား Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.