စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၂၂ ယောက်ရှိ၊ တချို့အလောင်းပြန်မရဘူးလို့ AAPP ထုတ်ပြန်


စစ်တပ်က အာဏာာသိမ်းပြီး လေးလကျော် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရလို့ စစ်ကြောရေးမှာ ပြင်းထန်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးခဲ့သူ ၂၂ ဦး အထိရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဇွန်လ ၁၁ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့သူ ၂၂ ဦးအနက် ၁၃ ဦးကတော့ ၂၄ နာရီ အတွင်းမှာ တင်သေဆုံးခဲ့ရပြီး၊ နှစ်ရက်အတွင်း သေဆုံးခဲ့ရသူ ‌လေးဦး၊ တစ်ပတ်အတွင်း သေဆုံးခဲ့ရသူ ‌လေးဦး၊ နှစ်ပတ်အတွင်း သေဆုံးခဲ့ရသူ တစ်ဦးနဲ့ သုံးဦးကတော့ မိသားစုက အလောင်းတောင် ပြန်မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရာမှာလည်း ရိုက်နှက်ဖမ်းဆီးတာ၊ ကားနဲ့ဝင်တိုက်ဖမ်းဆီးတာ၊ သေနတ်နဲ့ပစ်ခတ် ဖမ်းဆီးတာ တို့အပြင် တချို့ဆိုရင် ဖမ်းဆီးခံရပြီးနောက် ပင်ကိုရုပ်ကိုတောင် မမှတ်မိနိုင်လောက်တဲ့အထိ ဒဏ်ရာ ရရှိထားကြတယ်လို့ AAPP က ဆိုပါတယ်။

ဒီလို အသက်သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်တာဟာ အကြမ်းဖက် လုပ်ရပ်သာမက လူသား မျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေ လုပ်ဆောင်လေ့ ရှိတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ပြည်သူတွေဟာ တရားဥပဒေမဲ့ ဖမ်းဆီးခံရ၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံရပေမယ့် ဥပဒေအရ အရေးယူ တရားစွဲခွင့်တွေ မရကြတဲ့အတွက် တရားမျှတမှုကို လိုလားတောင့်နေကြပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေများ၊ နိုင်ငံတကာစာချုပ်တွေမှာလည်း ဒီလိုလုပ်ရပ်မျိူးတွေကို ကန့်သတ် ထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကနေ နှိပ်စက်ညှဉ်းပန်းမှုတွေ နောက်ထပ်မဖြစ်စေဖို့ ဟန့်တားနိုင်တဲ့ အရေးယူမှုတွေကို အမြန်ဆုံးထိရောက်စွာ ဆောင်ရွက်ဖို့ကိုလည်း AAPP က တောင်းဆိုထားပါတယ်။

AAPP ရဲ့ ဇွန်လ ၁၁ရက် ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ လေးလကျော် ကာလအတွင်း၊ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၆၁ ယောက်၊ အဖမ်းခံထားရသူ ၄၈၂၃ ယောက်နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရသူ ၁၉၀၀ ကျော် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/22-died-during-interrogation-06122021020825.html 

စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၂၂ ယောက်ရှိ၊ တချို့အလောင်းပြန်မရဘူးလို့ AAPP ထုတ်ပြန် စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၂၂ ယောက်ရှိ၊ တချို့အလောင်းပြန်မရဘူးလို့ AAPP ထုတ်ပြန် Reviewed by THITHTOOLWIN on 20:28 Rating: 5

No comments:

Powered by Blogger.