မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ်

 


မြန်မာနိုင်ငံတွင်း အရေးပေါ် စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုးကို ဂျပန်နိုင်ငံက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကနေတဆင့် ဒီကနေ့ ပေးအပ်လိုက်ပါတယ်။

ဂျပန်သတင်းထောက် Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ တရက်ထဲမှာပဲ ဂျပန်နိုင်ငံရဲ့ ဒီအကူအညီကိစ္စ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ WFP တို့က ထုတ်ပြန်ခဲ့တာပါ။

လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအောက်မှာ ရန်ကုန်တိုင်းဒေသကြီးက ဆင်းရဲတဲ့ ပြည်သူတွေအနေနဲ့ စားရေးသောက်ရေး ရုတ်တရက် ဆိုးဆိုးဝါးဝါး အခက်ကြုံလာနေရတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ပြောပါတယ်။

ဒီဆင်းရဲသားတွေအနေနဲ့ တကယ့်အခြေခံအကျဆုံးအဆင့် စားဝတ်နေရေးအတွက်တောင် အနိုင်နိုင် ရုန်းကန်နေရတယ်လို့လည်း ဝန်ကြီး Motegi ကပြောပါတယ်။

ဒါပေမဲ့ အခုလို အရေးပေါ်အကူအညီ ပေးလိုက်ချိန်မှာပဲ မြန်မာနိုင်ငံမှာ အကြမ်းဖက်မူတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်ဖော်ဆောင်ဖို့ ဆက်လက်တောင်းဆိုနေပါတယ်လို့လည်း ဝန်ကြီး Motegi ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်အစိုးရက အကူအညီသစ်တွေ ထပ်မပေးဘဲ ဆိုင်းထားမယ်လို့ မတ်လကုန်ပိုင်းမှာ ကြေညာခဲ့ပြီးတဲ့နောက် အခု WFP ကနေတဆင့် အကူအညီပေးတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဒီအကူအညီကနေ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လူပေါင်း ၆၀၀,၀၀၀ ဝန်းကျင်ကို ကူညီထောက်ပံ့နိုင်မယ်လို့ WFP ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတို့ရဲ့ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမယ့် ၆ လအတွင်း လူဦးရေ ၃.၄ သန်း၊ အဓိကအားဖြင့် မြို့ပြဒေသတွေမှာ နေထိုင်ကြသူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ကြရမယ်လို့ WFP က ခန့်မှန်းထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/japan-myanmar-wfp-4-million/5890503.html

မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ် မြန်မာအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ ဒေါ်လာ ၄ သန်းဖိုး WFP ကတဆင့် ဂျပန်ပေးအပ် Reviewed by THITHTOOLWIN on 02:42 Rating: 5

No comments:

Powered by Blogger.