မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုသတင်းဖော်ပြတဲ့ ပြင်သစ်သတင်းစာမှာ Total ကုမ္ပဏီ ကြော်ငြာရပ်

ပြင်သစ်ရေနံကုမ္ပဏီကြီး Total

ပြင်သစ်ရေနံကုမ္ပဏီကြီး Total ရဲ့ ဓာတ်ငွေ့တင်ပို့မှု လုပ်ငန်းကနေ မြန်မာစစ်တပ်ကို အကျိုးအမြတ်ရအောင် လုပ်ပေးနေတယ်ဆိုတဲ့ သတင်းကိုတင်ပြခဲ့တဲ့ ပြင်သစ်သတင်းစာ Le Monde မှာ ထည့်သွင်းမယ့် ကြော်ငြာတွေကို Total က ပြန်ရုပ်သိမ်းလိုက်တယ်လို့ ကြာသပတေးနေ့မှာ Le Monde က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီလ အာဏာသိမ်းခဲ့ပြီး အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ချိန်ကစပြီး Total ဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ ဖိအားပေးမှုကို ခံနေရတာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်ထဲမှာ Total က ကြော်ငြာအများအပြား ထည့်သွင်းဖို့ရှိနေတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကမ်းလွန်လုပ်ကွက်တွေကနေ တဆင့် စစ်ဗိုလ်ချုပ်ကြီးတွေ ဝင်ငွေရဖို့ Total က ဘယ်လိုငွေကြေး ဖြည့်ဆည်းပေးတယ် - ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဆောင်းပါး တပုဒ်ကို Le Monde က ဒီသီတင်းပတ် ထဲမှာပဲ ဖေါ်ပြခဲ့တဲ့နောက်ပိုင်း အခုလို Total က သူ့ကြော်ငြာတွေ မထည့်ဖို့ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Total ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE နဲ့ ပူးတွဲဆောင်ရွက်ရင်း မြန်မာနိုင်ငံကနေ ထိုင်းကို သွယ်တန်းတဲ့ သဘာဝဓါတ်ငွေ့ ပိုင်းလိုင်း ကနေတဆင့် စစ်တပ်ဝင်ငွေရအောင် လုပ်ဆောင်နေတာကို သူတို့ရဲ့ သတင်းဆောင်းပါးထဲမှာ ဖေါ်ပြထားတယ်လို့ Le Monde က ပြောပါတယ်။

ထိုင်းကုမ္ပဏီနဲ့ အမေရိကန် Chevron ကုမ္ပဏီတွေပါ ပါဝင်တဲ့ ဒီရေနံနဲ့ သဘာဝဓါတ်ငွေ့က ရတဲ့ ငွေကြေးလည်ပတ်မှုဟာ ၁၉၉၄ ခုနှစ်ကတည်းက Bermuda မှာ မှတ်ပုံတင်ထားတဲ့ မုတ္တမသဘာဝဓါတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ MGTC နံမယ်နဲ့ ထားရှိပြီး အခွန်ရှောင်တိမ်း ဖို့ ကြိုးစားနေတာ လို့လည်း ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ဒီ MGTC နဲ့ လက်တွဲလုပ်ခဲ့ရတဲ့ အကြောင်းရင်းကို သူတို့ သေသေချာချာ မသိကြောင်း Total က Le Monde သတင်းစာကို ပြောကြားခဲ့တဲ့အပြင် နောက်ထပ် အသစ်ထပ်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်တော့ဘူးလို့လည်း ပြောပါတယ်။

Le Monde မှာ ကြော်ငြာ ဘာကြောင့်မထည့်ဖို့ ဆုံးဖြတ်တာလဲဆိုတာ သိရအောင် AFP က Total ကုမ္ပဏီကို မေးမြန်းခဲ့ပေမယ့် ကြာသပတေးနေ့အထိ အကြောင်း မပြန်သေးဘူးလို့လည်း ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/total-pulls-le-monde-ads-over-report-on-myanmar-military-ties/5882669.html

မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုသတင်းဖော်ပြတဲ့ ပြင်သစ်သတင်းစာမှာ Total ကုမ္ပဏီ ကြော်ငြာရပ် မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုသတင်းဖော်ပြတဲ့ ပြင်သစ်သတင်းစာမှာ Total ကုမ္ပဏီ ကြော်ငြာရပ် Reviewed by THITHTOOLWIN on 08:05 Rating: 5

No comments:

Powered by Blogger.