Total နဲ့ Chevron ကုမ္ပဏီတို့က မြန်မာကို သဘာဝဓာတ်ငွေ့ လုပ်ငန်း ငွေပေးချေမှုတွေ ဆိုင်းငံ့ထား



မုတ္တမ ကမ်းလွန် ရတနာ သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ Total နဲ့ Chevron လုပ်ကွက်။ ထိုင်းနိုင်ငံကို ပို့တဲ့ ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းပြ မြေပုံ။

ပဲရစ်၊ မေ ၂၈၊ ၂၀၂၁

ပြင်သစ်နိုင်ငံက Total ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း အုပ်စုနဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ဟာ မြန်မာ စစ်အစိုးရဆီကို ရောက်ရှိမယ့် သဘာဝဓာတ်ငွေ့ ဖက်စပ်လုပ်ငန်းက ငွေပေးချေမှုတချို့ကို ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။ 

အဲဒီလို ဆိုင်းငံ့လိုက်တာဟာ အရေးကြီးတဲ့ ပထမဆုံး ခြေလှမ်း လှမ်းလိုက်ခြင်း ဖြစ်တဲ့အတွက် ဒီမိုကရေစီ လိုလားသူတွေ ရဲ့ ချီးကျူး ဂုဏ်ပြုခြင်း ခံရတယ်လို့လည်း Reuters သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေဟာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ စင်ပြိုင် အရပ်ဘက် အစိုးရ တို့ရဲ့ ဖိအားပေး ခံနေကြရပြီး ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းယူခဲ့တဲ့ စစ်အစိုးရဆီကို ငွေပေးချေမှုတွေ ရပ်တန့် ဖို့၊ သူတို့ရဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့ ဖိအားပေးခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက် တင်မြှောက်ထားတဲ့ အရပ်သား အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစဉ်ကတည်းက မြန်မာနိုင်ငံဟာ အထိန်းအကွပ်မဲ့ ဖြစ်ခဲ့ပြီး စစ်အစိုးရက ချီတက် ဆန္ဒပြမှုတွေကို ရက်စက်စွာ ဖြိုခွင်းခဲ့တာ ဖြစ်ကြောင်း လည်း သတင်းမှာ ပါရှိပါတယ်။

Total က ထုတ်ပြန် ကြေညာချက်အရ မုတ္တမ ကမ်းလွန် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ အစည်းအဝေး မှာ Chevron က ရှယ်ယာရှင်တွေနဲ့ ပူးတွဲ အဆိုပြုချက်အပြီးမှာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုမရှိတဲ့ အခြေအနေတွေ အရ ငွေကြေး ဖြန့်ဝေမှု အားလုံးကို ရပ်ဆိုင်းဖို့ မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Total ဟာ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းနဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်ပြီး Chevron က ရှယ်ရာ ၂၈ ရာခိုင်နှုန်း ရှိကြောင်း၊ ထိုင်း နိုင်ငံက PTTEP စွမ်းအင် ကုမ္ပဏီ နဲ့ မြန်မာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း တို့ကလည်း အစုရှယ်ရာတွေ ရဖို့ ကျန်ရှိ နေသေးကြောင်းလည်း သိရပါတယ်။

“Total က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက် ပါ တယ်။ EU (ဥရောပ သမဂ္ဂ) နဲ့ အမေရိကန် အာဏာပိုင်တွေက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ အပါအဝင် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာနဲ့ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာမယ်ဆိုတာ ထပ်လောင်း အတည်ပြု လိုက်ပါတယ်”လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Chevron ရဲ့ ကြေညာချက်ကလည်း“မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းဟာ မြန်မာ ပြည်သူ လူထုရဲ့ ကောင်းကျိုးကို မြှင့်တင်ဖို့ စုပေါင်းတုံ့ပြန်မှု လိုပါတယ်”လို့ ဆိုပါတယ်။

“ကြိုတင်ခန့်မှန်းမရတဲ့ အကျိုးဆက်တွေကြောင့် မြန်မာပြည်သူပြည်သားတွေ အတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သေချာစွာ ဂရုပြုသင့်ပါတယ်”လို့ Chevron ရဲ့ကြေညာချက်က ဆက်လက်ဖော်ပြပါတယ်။

အဲဒီ အမြတ်အစွန်းတွေ မြန်မာစစ်အစိုးရဆီ ပေးချေမှုကို ဆိုင်းငံ့ထားမယ့် ဆုံးဖြတ်ချက်ကို တက်ကြွ လှုပ်ရှားသူတွေဖြစ်တဲ့ Justice for Myanmar က ကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။

Justice for Myanmar က ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က“ဒါပေမယ့် ကျနော်တို့ မှတ်သားတာကတော့ ဒီပမာဏဟာ အစိုးရရဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေ၊ အမြတ်ငွေနဲ့ ကော်ပိုရေးရှင်း ဝင်ငွေခွန်တွေ ပါဝင်တဲ့ Total ရဲ့လုပ်ငန်း လည်ပတ်မှု ကနေ စစ်အစိုးရက ရရှိတဲ့ ဝင်ငွေရဲ့ အနည်းငယ်မျှသော အစိတ်အပိုင်းဖြစ်တယ်”လို့ ပြောကြားပါတယ်။

မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ မုတ္တမပင်လယ်ကွေ့မှာ တည်ရှိတဲ့ ရတနာ ကမ်းလွန် လုပ်ကွက်က ထုတ်လုပ်တဲ့ သဘာဝ ဓာတ်ငွေ့တွေဟာ ထိုင်းနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို တင်ပို့နေပြီး မြန်မာ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ မြန်မာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) က တည်ဆောက်ပြီး လုပ်ကိုင်နေတဲ့ ကမ်းလွန် ပိုက်လိုင်းကတစ်ဆင့် မြန်မာ ပြည်တွင်း စျေးကွက်ကိုလည်း ပို့ဆောင် ဖြန့်ဝေနေပါတယ်။

Total က ရတနာ ဓာတ်ငွေ့သိုက်ကို ဆက်လက် ထုတ်လုပ်နေတာဟာ“မြန်မာနဲ့ ထိုင်းပြည်သူလူထု အတွက် မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို မနှောင့်နှေးစေဖို့” ဖြစ်တယ်လို့လည်း Reuters သတင်းက ဆိုပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

Total နဲ့ Chevron ကုမ္ပဏီတို့က မြန်မာကို သဘာဝဓာတ်ငွေ့ လုပ်ငန်း ငွေပေးချေမှုတွေ ဆိုင်းငံ့ထား Total နဲ့ Chevron ကုမ္ပဏီတို့က မြန်မာကို သဘာဝဓာတ်ငွေ့ လုပ်ငန်း ငွေပေးချေမှုတွေ ဆိုင်းငံ့ထား Reviewed by THITHTOOLWIN on 22:07 Rating: 5

No comments:

Powered by Blogger.