PR ကိစ္စအပါ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဖို့ ပါတီတွေနဲ့ ဆွေးနွေးမည် - UEC

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၅)

စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းအပြီး ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က တည်ဆဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲမှာ PR အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခွါညို တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲစည်းမျဉ်းဥပဒေတွေကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ ခေါ်ယူညှိနှိုင်းသွားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောဆိုသွားတာပါ။

“ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေးအတွက် သုံးသပ် ဆောင်ရွက်လျက်လည်း ရှိပါတယ်။ မဲစာရင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများပေါ့၊ ဒီဟာနဲ့ ပတ်သက်လို့ရှိရင်လည်း ပြဋ္ဌာန်းထားတာတော့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဒီလက်မှတ်တွေပါ ကိုင်ဆောင်တဲ့သူ ဆိုတာမျိုး ကျနော်တို့ ထည့်သွင်းဖို့ စဉ်းစားသုံးသပ် ဆောင်ရွက်လျက် ရှိပါတယ်။ မဲစာရင်းပြုစုတဲ့ အပိုင်းမှာလည်း မဲစာရင်းတွေကို ပြုစုတဲ့အခါမှာ မြို့နယ်က တာဝန်ခံပြီးခါကျမှ သက်ဆိုင်ရာ ထွေအုပ်တို့ လဝကတို့ရဲ့ အကူအညီ ရယူပြီးခါကျမှ ပြုစုဖို့၊ အလားတူပဲ ရက်ပေါင်း ၉၀ အထက် မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့သူ၊ သက်ဆိုင်ရာ ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ဆိုတဲ့ ကိစ္စကလည်း ဒီဟာတွေက မူလနေရာမှာလည်းပါ၊ ဟိုနေရာမှာလည်း မဲပေးခွင့်နဲ့ မဲစာရင်းတွေက ဖောင်းပွတာ ရှိပါတယ်။ ဒါကြောင့် ရက် ၉၀ နဲ့အထက် မဲဆန္ဒနယ်ပြင်ပ ရောက်နေတဲ့ မဲဆန္ဒရှင်တွေ သက်ဆိုင်ရာ ရောက်နေတဲ့ မဲဆန္ဒနယ်မှာ မဲပေးခွင့်ဆိုတဲ့ ကိစ္စမျိုးကိုလည်း ပယ်ဖျက်ဖို့အထိ ကျနော်တို့ စဉ်းစားနေပါတယ်။ ဒီလို ပယ်ဖျက်ပြီးတယ်ဆိုရင်တော့ သူနဲ့ ဆက်စပ်နေတဲ့ ဥပဒေ၊ နည်းဥပဒေ ဒါတွေကိုလည်း ပြင်ဆင်ဖို့ လိုအပ်ပါတယ်။”

တည်ဆဲဥပဒေမှာ ပြင်ဆင်ဖို့ ဆောင်ရွက်နေတဲ့ အခြေအနေကို ဦးခင်မောင်ဦးက ပြောဆိုခဲ့တာပါ။

ပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ လာမယ့် ပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ချပြဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဦးက ပြောပါတယ်။ လာမယ့် မေ ၂၁ ရက်နေ့မှာ တည်ဆဲပါတီ ၉၀ ကျော်နဲ့ ကော်မရှင်အနေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ လက်ရှိမှာ NLD ပါတီကို တည်ဆဲပါတီအနေနဲ့ ဆက်လက်သတ်မှတ်ထားသလို တွေ့ဆုံပွဲမှာလည်း NLD ပါတီဘက်က တက်ရောက်နိုင်ဖို့ ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ပြီးခဲ့တဲ့တခေါက်က ရွေးကောက်ပွဲကော်မရှင်သစ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ NLD ပါတီဘက်က တက်ရောက်နိုင်ခြင်း မရှိပါဘူး။

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အားလုံးနီးပါး ဖမ်းဆီးခံရသလို ကျန်သူတချို့ကလည်း ထွက်ပြေးနေရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NLD ပါတီ ဌာနချုပ်ကို လာတဲ့ ပါတီခေါင်းဆောင်တချို့လည်း ရုံးရှေ့မှာ အဖမ်းခံခဲ့ရပါတယ်။ ဒါကြောင့် အခုလို နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ NLD ကို ဖိတ်ကြားထားတယ် ဆိုပေမယ့် NLD အနေနဲ့ တက်ရောက်နိုင်ခြင်းရှိမရှိ မကျိန်းသေပါဘူး။ NLD ပါတီ ခေါင်းဆောင်တွေနဲ့ လွှတ်တော်အမတ်တွေ ဦးဆောင်ဖွဲ့ထားတဲ့ CRPH လွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားပါတယ်။

တည်ဆဲ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပေမယ့် ဥပဒေပြုနိုင်တဲ့ လွှတ်တော်မရှိတဲ့ ဒီကာလမှာ ပြင်ဆင်မယ့် ဥပဒေ ပုဒ်မတွေကို ဘယ်လိုပြင်ဆင် ပြဋ္ဌာန်းမလဲ ဆိုတာကိုလည်း ကော်မရှင်တာဝန်ရှိသူဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုမသွားခဲ့ပါဘူး။

လက်ရှိကျင့်သုံးနေတဲ့ ရွေးကောက်ပွဲနိုင်သူ အကုန်ယူစနစ်ကနေ PR အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းဖို့ ဆောင်ရွက်နေတယ်လို့လည်း ဦးခင်မောင်ဦးက ပြောပါတယ်။

“PR စနစ်နဲ့ ပတ်သက်လို့ကတော့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း PR စနစ်နဲ့ ပတ်သက်တဲ့ အခြေခံ အချက်အလက်တွေ အကြမ်းဖျဉ်း ကျနော် ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။ နောက် ပါတီတွေရဲ့ တင်ပြချက်တွေလည်း ရှိပါတယ်။ အလားတူ ကော်မရှင်အနေနဲ့ လေ့လာသုံးသပ်မှုများလည်း ရှိပါတယ်။ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ရှိရင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများ ရရှိပြီးဖြစ်တဲ့အတွက် ပြင်ဆင်နိုင်တဲ့ ဥပဒေများကိုလည်း ပြင်ဆင်နိုင်ပါတယ်။ နည်းဥပဒေကတော့ ကျနော်တို့အနေနဲ့ ကော်မရှင်ရဲ့ ပြင်ဆင်ပိုင်ခွင့် ဖြစ်ပါတယ်။ အမိန့်ကြော်ငြာစာနဲ့ ပြင်လို့ရပါတယ်။ ဒါတွေကိုလည်း သုံးသပ်ပြီးမှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှု အခြေအနေများကိုလည်း ကျနော်တို့အနေနဲ့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။”

ဒီစနစ်ကို ကျင့်သုံးနိုင်ဖို့ လက်ရှိမှာ လေ့လာမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီစနစ်ကို လုပ်ဆောင်ဖို့အတွက် ပါတီတချို့ကလည်း စာတမ်းတင်ထားတာတွေ ရှိသလို ကော်မရှင်ဘက်ကလည်း စာတမ်းပြုစုထားတယ်လို့ ဆိုပါတယ်။ PR စနစ်ကျင့်သုံးဖို့ ဆိုတာကို ပြီးခဲ့တဲ့ NLD အစိုးရ သက်တမ်းကာလ လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေရော အတိုက်အခံပါတီတချို့ကပါ တင်ပြခဲ့ပေမယ့် NLD အများစုလွှမ်းတဲ့ လွှတ်တော်က ပယ်ချထားတာပါ။

လာမယ့် ရွေးကောက်ပွဲတွေမှာ ဒီစနစ်ကို ကျင့်သုံးနိုင်အောင် လုပ်သွားမယ်လို့ ရည်ရွယ်ထားတာမှာ လက်ရှိအခြေအနေအရ ကျင့်သုံးနိုင်ခြင်းရှိမရှိနဲ့ ရွေးကောက်ပွဲစနစ်တွေကို ထိတွေ့မှုအားနည်းနေဆဲဖြစ်တဲ့ မြန်မာပြည်သူပြည်သားတွေ ဒီစနစ်ကို အကျွမ်းဝင်ဖို့ အချိန်ယူရနိုင်တဲ့အပေါ် ကော်မရှင်ရဲ့ ပြင်ဆင်မှုအပေါ် သတင်းထောက်တွေ မေးမြန်းတာမှာတော့ ကော်မရှင်ဘက်က ရှင်းရှင်းလင်းလင်း ဖြေကြားသွားတာ မရှိပါဘူး။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲစာရင်း မသမာမှုတွေ ရှိခဲ့တယ်လို့ လက်ရှိကော်မရှင်က စွပ်စွဲထားပြီး မဲစာရင်းမှားမှုတွေဟာ တပ်မတော်ဘက်က ထုတ်ပြန်စာရင်းထက် များနိုင်မယ်လို့ ခန့်မှန်းကြောင်းလည်း ပြောဆိုပါတယ်။

လက်ရှိမှာတော့ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ် ၃၀၀ ကျော်ရဲ့ မဲတွေ ပြန်လည်စစ်ဆေးမှုဟာ သုံးပုံနှစ်ပုံ ပြီးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။


မခြါညိဳ/ VOA Burmese

https://burmese.voanews.com/a/uec-election-law-pr/5891831.html

PR ကိစ္စအပါ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဖို့ ပါတီတွေနဲ့ ဆွေးနွေးမည် - UEC PR ကိစ္စအပါ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဖို့ ပါတီတွေနဲ့ ဆွေးနွေးမည် - UEC Reviewed by THITHTOOLWIN on 21:46 Rating: 5

No comments:

Powered by Blogger.