မကွေးမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်သား ငါးဦး ဒေသခံ သုံးဦး သေဆုံး



မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ရဲလှနဲ့ မွေ့လယ်ကျေးရွာကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခုခံကာကွယ် ရေးတပ်ဖွဲ့ PDF တို့ မေလ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုအကျ အဆုံးများခဲ့တာကြောင့် စစ်ကောင်စီဘက်က အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပါ အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် ရဲလှရွာသား သုံးဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“ရွာရဲ့တောင်ဘက်က တောထဲမှာပစ်ကြပြီးတော့ အနီးနားမှာရှိတဲ့ရွာတွေကို ဝင်ရမ်းသွားတယ်၊ စစ်တပ်ဘက်က လေး၊ ငါးယောက်လောက်တော့ ကျသွားတယ်ကြားတယ်၊ သူတို့က ခံလိုက်ရတယ်ပေါ့၊ အိမ် သုံလုံး ကတော့ လုံးလုံးပြာကျသွားတယ်၊ လက်နက်ကြီး ရှစ်လုံးလောက် ပစ်တာလေ၊ ၆၃ နှစ်ရှိတဲ့ ဦးပုအေးက အိမ်ထဲမှာနေရင်းနဲ့ကို တစ်ခါတည်း အိမ်မီးလောင်တဲ့အထဲ ပါသွားတယ်”

အသက် ၃၄ နှစ်အရွယ် ဦးဖိုးဖြူ၊ အသက် ၆၃ နှစ်အရွယ် ဦးပုအေးနဲ့ အသက် ၃၅ နှစ် ကျောင်းဆရာ ဦးစောမင်းနိုင်ဦးတို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၈ ကြိမ်လောက်အထိ ပစ်ခတ်ခဲ့လို့ အိမ် ငါးလုံးထိမှန်ခဲ့ပြီး အဲဒီထဲက အိမ် သုံးလုံး မီးလောင်ပြာကျသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ တိုက်ပွဲကြောင့် ဂန့်ဂေါမြို့နယ်ထဲက မီးလောင်ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေကို ၂၀၂၁ မေ ၂၈ ရက်နေ့က တွေ့ရစဉ်

ရဲလှရွာထဲအပြင် နှမ်းခါးနဲ့ မွေ့လယ်ရွာတွေထဲက အိမ်တွေကိုပါ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ကြောင့် နှမ်းခါးရွာသားတစ်ဦးလည်း လက်မောင်းကို သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ အမည် မဖော်လိုတဲ့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မနေ့က ရဲလှနဲ့ မွေ့လယ်ကြားမှာ ၁၂ နာရီခွဲလောက်မှာ စပစ်ကြတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အိမ် သုံးလုံးမီးလောင်ပြာကျသွားတယ်၊ ပြည်သူတွေဘက်က ခုခံဖို့ပြင်ဆင်နေကြတဲ့အချိန် သေနတ်နဲ့ ဘောက်ဆွဲသွားတာ (တရစပ်) ပစ်သွားတာ၊ သေသွားတဲ့ ကျောင်းဆရာလေးလည်း သေနတ်ကျည် ပေါင်ကိုမှန်ထားတာ သူ့အနားကို လက်နက်ကြီးကျည်ကျတော့ သူအပါအဝင် နှစ်ယောက် သေသွားတယ်၊ နှမ်းခါးရွာကိုလည်းဝင်ပြီး ဘောက်ဆွဲသွားလို့ တစ်ယောက် လက်မောင်းကို ထိမှန်သွားတယ်’’

ဒီလိုပစ်ခတ်ပြီးသွားတဲ့နောက် ဂန့်ဂေါ - ကလေး လမ်းမကြီးအတိုင်းပြန်လာတဲ့ စစ်ကောင်စီတွေရဲ့ ကားနှစ်စီးကို ကလေးနည်းပညာကောလိပ်နားမှာ ကလေး ဒေသခုခံကာကွယ်ရေးတပ် (KRDA) က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KRDA က သတင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကားတွေ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူတွေရှိပြီးတော့ သေဆုံးသူ ရှိ၊ မရှိ ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KRDA အဖွဲ့က ပြောပါတယ်။ ကလေး ဒေသ ခုခံကာကွယ်ရေးတပ် ဘက်ကတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။

ဂန့်ဂေါက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဆက်သွယ်လို့ မရပါဘူး။

    “ကျွန်မတို့ ရွာကိုလာပြီးတော့မှ အလောင်းကောက်ဦးမယ်လို့ ပြန်ပြီးတော့ လာမွှေဦးမယ်လို့ပြောလို့ မပြန်ရဲသေးဘူး’’

မနေ့ကစတင်တဲ့ တိုက်ပွဲကြောင့် ဂန့်ဂေါ်မြို့နားက ရဲလှ၊ မွေ့လယ်၊ နှမ်းခါး၊ တော်ဝင်၊ သာစည် စတဲ့ ကျေးရွာပေါင်း ငါးရွာက ဒေသခံလူ တစ်သောင်းခွဲကျော်လောက်ဟာ နေအိမ်မှာမနေရဲကြဘဲ ဘေးလွတ်ရာကို ထွက်ပြေးသိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်သူ အများစုကတော့ သက်ကြီးရွယ်အိုတွေ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက နောက်ထပ်ရွာကိုလာပြီး ပစ်ခတ်တာတွေလုပ်ဦးမယ်ဆိုတဲ့ သတင်းတွေကြားနေရလို့ အိမ်မပြန်ရဲကြသေးဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ရှောင်နေကြတယ်ရှင့်၊ အသက်ကြီးတဲ့သူတွေ ကျန်းမာရေး မကောင်းတဲ့သူတွေပါတယ်ရှင့်၊ ရွာထဲမှာ မသွားနိုင်တဲ့ အဘိုးအို၊ အဖွားအိုတို့လောက်ပဲ ကျန်ခဲ့တယ်ရှင့်၊ တဲပေါ်မှာ အိပ်တဲ့သူလည်း အိပ်တယ်၊ မြေကြီးပေါ် အိပ်တဲ့သူလည်း အိပ်တယ်၊ ကျွန်မတို့ ရွာကိုလာပြီးတော့မှ အလောင်းကောက်ဦးမယ်လို့ ပြန်ပြီးတော့ လာမွှေဦးမယ်လို့ပြောလို့ မပြန်ရဲသေးဘူး၊ ခုလိုအတိုင်းဆိုရင်တော့ ဘယ်ဖြစ်မလဲရှင့်’’

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေဟာ ကလေး - ဂန့်ဂေါ လမ်းမကြီးရဲ့ဘေးမှာရှိပါတယ်။ ကလေးမြို့ကနေ မိုင် ၇၀ ခန့်အကွာအဝေးရှိပြီးတော့ ဂန့်ဂေါမြို့ကနေဆို မိုင် ၃၀ ခန့် အကွာအဝေးမှာ တည်ရှိတဲ့ကျေးရွာတွေ ဖြစ်ပါတယ်။

ကလေး - ဂန့်ဂေါ လမ်းမတစ်လျှောက်မှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလ ဆန်းပိုင်းလောက်ကစပြီး ဒေသခုခံကာကွယ်ရေးတပ်ဖွဲှဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲပေါင်း ငါးကြိမ်ထက်မနည်း ရှိပါပြီ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဆယ့်ရှစ်ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ကြေညာ ထားတာ မရှိပါဘူး။

RFA Burmese



မကွေးမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်သား ငါးဦး ဒေသခံ သုံးဦး သေဆုံး မကွေးမှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်၊ စစ်တပ်သား ငါးဦး ဒေသခံ သုံးဦး သေဆုံး Reviewed by THITHTOOLWIN on 22:04 Rating: 5

No comments:

Powered by Blogger.