ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တင့်ကားတစ်စီးကို PDF အဖွဲ့က ဖျက်ဆီးခဲ့



ကယားပြည်နယ် ဒီးမော့ဆိုရဲစခန်းကို မေလ ၂၅ ရက် ဒီနေ့မနက် ၄ နာရီခန့်က ဒေသကာကွယ်ရေးတပ် PDF အဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တဲ့ အတွက် တိုက်ပွဲက အတော်ပြင်းထန်ခဲ့တယ်လို့ ဒီးမော့ဆို PDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီးမော့ဆိုရဲစခန်းအတွက် စစ်ကူလာတဲ့ စစ်ကောင်စီဘက်က တင့်ကားတစ်စီးကို ငွေတောင်ဘက်မှာ အသေခံ ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ PDF အဖွဲ့ဝင်တွေဘက် ကလည်း သေဆုံးသူတွေနဲ့ လက်ရှိပျောက်နေတဲ့ သူတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

"မနက်ခင်း PDF တပ်ဖွဲ့တွေက ဒီးမော့ဆို ရဲစခန်းကို ဝင်သိမ်းတော့ သူတို့က ငွေတောင်ဘက်ကနေပြီး ဒီးမော့ဆို ရဲစခန်းကို ကာဗာပေးဖို့ဆိုပြီး တက်လာတာ။ တင့်ကား နှစ်စီးနဲ့ အင်အားအယောက် ၁၀၀ လောက်နဲ့။ အဲဒါ ကျွန်တော်တို့ ငွေတောင်ဘက်မှာ ကင်းချထားတဲ့ PDF နဲ့ တခြားတိုင်းရင်းသား အဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ သူတို့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ငါးယောက်ကျတယ်။ ကိုယ့်ဘက်က တင့်ကားကို အသေခံပြီးဝင်ဖျက်တဲ့ PDF နှစ်ယောက် ကျဆုံးတယ်။ သုံးယောက်က ပျောက်ဆုံးနေတယ်"

ငွေတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားနေချိန် ထွက်ပြေးတဲ့ ရွာသား သုံးဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့လည်း အဲဒီအဖွဲ့ဝင်က ဆိုပါတယ်။

တိုက်ပွဲမှာ နှစ်ဘက်အထိအခိုက်တွေရှိပေမယ့် မြေပြင်စာရင်းအတိအကျ ဘယ်လောက်ထိ ရှိတယ်ဆိုတာကို အတိအကျ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီးမော့ဆိုမြို့ကို စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အားများစွာ အသုံးပြုပြီး တိုက်ခိုက်နေပြီး ဒီးမော့ဆို ရဲစခန်းကို သိမ်းနိုင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် မသိမ်းနိုင်ခဲ့ဘူးလို့ အဲဒီ PDF အဖွဲ့ဝင်က ပြောပါတယ်။
(စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို တွေ့ရစဉ်။) ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်

လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်နေပြီး နေအိမ် တွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

"လွိုင်ကော်ဘက်က အမြှောက်တပ်က ကျွန်တော်တို့ ဒီးမော့ဆိုကို ပစ်နေတာ အခုက။ ၁၂ မိုင် ၁၅ မိုင် ထိရတယ်လို့ ပြောတယ်။ အိမ်တွေကတော့ ကျွန်တော်တို့ မျက်မြင် တစ်လုံး နှစ်လုံးလောက် ပါသွားပြီ။ ၁၂၀ မမ တဲ့ အဲဒါနဲ့ ပစ်နေတာ။ အခုလူတွေက ဘယ်လိုမှ နေလို့မရတော့ဘူး။ ဒီးမော့ဆို တစ်မြို့လုံး။ အခု လွိုင်ကော်ထိ ပါလာဖို့ များသွားပြီ။ ကျွန်တော်တို့ အဲဒီစစ်မြေမြင်ကနေ ခုပဲ ပြန်ထွက်လာတာ။ ရှစ်ယောက် လောက်က သေချာတယ်။ စိုးရိမ်ရတယ်"

ဒီးမော့ဆိုမှာ စစ်တပ်ဘက်က သေဆုံးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒဏ်ရာရထားတဲ့သူတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဆေးကုသပေးနေတယ်လို့လည်း PDF အဖွဲ့ဝင်တွေက ဆိုပါတယ်။

မေလ ၂၂ ရက်နေ့ကစပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါး ကျေးရွာကနေစတင်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။

လေးရက်တာ ဆက်တိုက်ဖြစ်ပွားနေတဲ့ အဲဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် စုစုပေါင်း သုံးသောင်းခန့်ရှိနေပြီလို့ ကူညီပေးနေတဲ့သူတွေက ပြောပါတယ်။

    "အခုလောလောဆယ် စားဖို့သောက်ဖို့တော့ တချို့လိုနေပြီ။ ရိက္ခာတချို့ ပြတ်နေပြီ။ နောက် မိုးကာ လိုအပ်တယ်။ ဒုက္ခသည်စခန်းလည်း မလုံလောက်သေးဘူး"

လက်ရှိမှာ ဒုက္ခသည်တွေ ရိက္ခာပြတ်လပ်နေပြီး စားသောက်နေထိုင်ရေးအခက်အခဲ စပြီးကြုံနေရပြီလို့ ဒီးမော့ဆိုမြို့နယ်က အမည်မဖော်လိုတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ဆိုပါတယ်။

"အခု ဒီးမော့ဆို တစ်မြို့နယ်လုံးပဲ။ လွိုင်ကော်လည်း တစ်ဝက်လောက်ရှိနေပြီ။ ဒီးမော့ဆိုမှာဆို သက်ကြီးပိုင်း၊ မိန်းကလေး၊ ကလေးငယ်တွေ အကုန်သွားပြီ။ အားလုံး သုံးသောင်း၊ လေးသောင်းလောက် ရှိမယ်။ တချို့က အမျိုးအိမ်တွေမှာ သွားနေကြတယ်။ အခုလောလောဆယ်တော့ စားဖို့သောက်ဖို့တော့ တချို့တော့ လိုနေပြီ။ ရိက္ခာတချို့ ပြတ်နေပြီ။ နောက်မိုးကာ လိုအပ်တယ်။ ဒုက္ခသည်စခန်းလည်း မလုံလောက်သေးဘူး။ ကျွန်တော်တို့ ဆောက်နေတာ နှစ်ရက်လောက်ပဲ ရှိသေးတယ်"

ကယားပြည်နယ် လွိုင်ကော်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာလည်း မေလ ၂၃ ရက် နေ့က မိုးဗြဲ ရဲစခန်းကို PDF နဲ့ ဒေသခံ လက်နက်ကိုင် တိုင်းရင်းသားတပ်တွေပေါင်းပြီး တိုက်ခိုက်ခဲ့ပြီး နောက် မိုးဗြဲ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

RFA Burmese


ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တင့်ကားတစ်စီးကို PDF အဖွဲ့က ဖျက်ဆီးခဲ့ ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ တင့်ကားတစ်စီးကို PDF အဖွဲ့က ဖျက်ဆီးခဲ့ Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.