ချက်နိုင်ငံ က NUG မြန်မာကိုယ်စားလှယ်ကို အသိအမှတ်ပြု

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ မေလ ၂၂ ရက်က မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

အမျိုးသား ညီညွတ်ရေး NUG အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်ကို ချက်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံ အသိအမှတ်ပြု ဂုဏ်ယူကြောင်း မေလ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလို အသိမှတ်ပြုတာဟာ အမျိုးသားညီညွှတ်ရေး အစိုးရ ရဲ့ ကိုယ်စားလှယ်ကို နိုင်ငံတကာက ပထမဆုံး အသိအမှတ်ပြုတာဖြစ်တယ်လို့ ဦးလင်းသန့်က ပြောပါတယ်။

ချက်သမ္မတနိုင်ငံ ဒု-နိုင်ငံခြားရေး ဝန်ကြီးက မိမိတို့ မိတ်ဆွေရင်းချာ ဆက်ဆံရေးက တစ်ဆင့် မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်နေရတဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေကို ကျော်လွှားဖို့ အထောက်အပံ့ဖြစ်မယ်လို့ အခိုင်အမာယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်၊

ချက်သမ္မတနိုင်ငံက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကတည်းက စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်းနဲ့ တရားဝင် ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်များကို ထောက်ခံကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့သော ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး တောင်းဆိုကြောင်း၊ မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့တကွ ကျန် ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြောင်း၊ ချက်သမ္မတ နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ စာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဖွဲ့စည်းတဲ့ အစိုးရသစ်ကို အသိအမှတ်မပြုကြောင်း၊ တရားဝင် ရွေးကောက်ခံ အရပ်သားအစိုးရကို ချက်ချင်း အာဏာပြန်လွှဲဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားတွေ ပါဝင် တက်ရောက်တဲ့ ပါလီမန်လွှတ်တော်အစည်းအဝေးတွေ ပြန်လည် ကျင်းပနိုင်ဖို့ကိုလည်း တိုက်တွန်း ပြောဆိုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ချက်နိုင်ငံ က NUG မြန်မာကိုယ်စားလှယ်ကို အသိအမှတ်ပြု  ချက်နိုင်ငံ က NUG မြန်မာကိုယ်စားလှယ်ကို အသိအမှတ်ပြု Reviewed by THITHTOOLWIN on 23:59 Rating: 5

No comments:

Powered by Blogger.