NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်ရောက် မြန်မာတွေတောင်းဆို



အာဏာသိမ်းစစ်ကောင်စီကို ရှုတ်ချပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ အမေရိကန်ရောက်မြန်မာတွေ စုဝေးပြီး မေလ ၂၂ ရက်နေ့ မနေ့က မြို့တော်ဝါရှင်တန် ဒီစီမှာ ဆန္ဒပြခဲ့ကြပါတယ်။

ပြည်နယ်ပေါင်းစုံက မြန်မာတွေ မြို့တော် ဝါရှင်တန်မှာ လာစုပြီး မြို့ရဲ့ လူစည်ကားရာလမ်းမတွေမှာ ဆိုင်းဘုတ်တွေကိုင်ဆောင် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်ခဲ့တာပါ။
မြန်မာသံရုံး၊ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့နဲ့ အမေရိကန် လွှတ်တော်အဆောက်အဦရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။

အမေရိကန် သမ္မတ အနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမြန်ဆုံး အသိအမှတ်ပြုပေးဖို့ ဒီဆန္ဒပြပွဲကနေ စာရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီအထွန်းကားဆုံး နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်၊ လွတ်လပ်ခြင်း တရားမျှတခြင်းရှိတဲ့ နိုင်ငံခေါင်းဆောင်ဖြစ်တာနဲ့ အညီ သမ္မတဂျိုးဘိုင်ဒင်ကအနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုထောက်ခံမှုရထားတဲ့ NUG အစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးသင့်ကြောင်း၊ ဒီလို သမ္မတ ဘိုင်ဒင်ကနေ စတင်အသိအမှတ်ပြုပေးလိုက်ရင် တခြားကမ္ဘာ့နိုင်ငံတွေကလည်း သမ္မတ ဘိုင်ဒင်နောက်လိုက်ပြီး NUG ကို အသိအမှတ်ပြုလာကြမှာဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ချင်းတိုင်းရင်းသားလည်းဖြစ်၊ အမေရိကန် ရေတပ်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်တဲ့ Major Darryl Patrick Lamberth က အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့မှာ ပြောဆိုပါတယ်။

စစ်အာဏာရှင်ကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့က ဒေသခံပြည်သူတွေကို အကူအညီပေးနိုင်ဖို့ ဒီဆန္ဒပြပွဲမှာပါဝင်တဲ့သူတွေကနေ အလှူငွေလည်း ကောက်ခံခဲ့ပါတယ်။
အမေရိကန်ရောက် မင်းတပ်မြို့ခံတစ်ဦးက မင်းတပ်ဒေသခံတွေ ပြန်လည်ခုခံတိုက်ခိုက် နေသလို ပြည်သူ့တပ်မတော်တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်ဖို့ ပြောပါတယ်။
တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဝါရှင်တန်ဒီစီမြို့တော်ကဆန္ဒပြပွဲမှာ ဆန္ဒပြအင်အား ၃၀၀ ကျော်လောက်ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ကိုထင်လင်းအောင်က တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပြီး စစ်အာဏာရှင်ကို ပူးပေါင်းတိုက်ထုတ်ဖို့ ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း မြို့တော် ဝါရှင်တန်ဒီစီမှာ အမေရိကန်နိုင်ငံရောက်မြန်မာတွေစုဝေးပြီး အပတ်တိုင်းဆန္ဒပြနေကြတာဖြစ်ပါတယ်။
အမေရိကန်သမ္မတအနေနဲ့ မြန်မာနိုင်ငံအပေါ် စစ်ရေးအရရော၊ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကိုပါ ထပ်တိုးလုပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။

မနေ့က ဝါရှင်တန်ဆန္ဒပြပွဲမတိုင်ခင်မှာ မေလ ၂၁ ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒင်က မြန်မာနိူင်ငံ ဒီမိုကရေစီပြန်ရရေး ဆက်လက် ဖိအားပေးဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်းပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ ဒုက္ခရောက်ပြီး ထွက်ပြေးလာတဲ့ မြန်မာ နိုင်ငံသားတွေကို ခိုလှုံခွင့် ပေးတဲ့ နေရာမှာ ပူးပေါင်း ပါဝင်ကြဖို့ နိုင်ငံတကာကို သမ္မတဘိုင်ဒင်က တိုက်တွန်းခဲ့ပါတယ်။

RFA Burmese



NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်ရောက် မြန်မာတွေတောင်းဆို NUG ကို အသိအမှတ်ပြုဖို့ အမေရိကန်ရောက် မြန်မာတွေတောင်းဆို Reviewed by THITHTOOLWIN on 23:45 Rating: 5

No comments:

Powered by Blogger.