NLD ပါတီ ဖျက်သိမ်းမယ် ဆိုတဲ့ ကော်မရှင်ကို EU ကသတိပေး


ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့ စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ‌မေလ ၂၁ ရက် သောကြာနေ့မှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တဲ့အပေါ် EU ဥရောပသမဂ္ဂက ဒီနေ့ မေလ ၂၃ ရက်နေ့က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဟာ စီစဉ်ထားတဲ့အတိုင်း NLD ပါတီကို ဖျက်သိမ်းပစ်မယ်ဆိုရင် စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒတွေနဲ့ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကိုပါ ဗြောင်ကျကျ အလေးမထားတဲ့ လုပ်ရပ်တစ်ခုကို ထပ်မံပြုလုပ်တာဖြစ်တယ်လို့ EU ဥရောပသမဂ္ဂက မေလ ၂၃ ရက်၊ ဒီကနေ့ရက်စွဲနဲ့ သဘောထား ထုတ်ပြန်လိုက်ခဲ့ပါတယ်။

နိုဝင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို အပြည့်အဝ ထင်ဟပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကို EU ဥရောပသမဂ္ဂ အနေနဲ့ ထပ်လောင်း ပြောဆိုခဲ့ပြီး ၊ ဒီအချက်ကိုလည်း ပြည်တွင်း နိုင်ငံတကာမှာရှိတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက အတည်ပြုထားပြီးဖြစ်တယ်လို့လည်း အီးယူ ကဆိုပါတယ်။

ဒါကြောင့် စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် အနေနဲ့ ဆုံးဖြတ်ချက်ချပြီး အဲဒီရလဒ်ကို ပယ်ဖျက်ပစ်လို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်စေမယ့် လုပ်ရပ်တွေနဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းလဲပစ်မယ့် လုပ်ရပ်မှန်သမျှကို ပြစ်တင်ရှုတ်ချသွားမှာဖြစ်ကြောင်း၊ စစ်တပ်က မတရားသိမ်းယူထားတဲ့ အာဏာဟာ တရားဝင်မှာ မဟုတ်ဘူးလို့လည်း အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

NLD ပါတီ ဖျက်သိမ်းမယ် ဆိုတဲ့ ကော်မရှင်ကို EU ကသတိပေး  NLD ပါတီ ဖျက်သိမ်းမယ် ဆိုတဲ့ ကော်မရှင်ကို EU ကသတိပေး Reviewed by THITHTOOLWIN on 19:41 Rating: 5

No comments:

Powered by Blogger.