ဂျပန် သတင်းထောက် Mr. Yuki Kitazumi ကို စွဲဆိုထားတဲ့ အမှုများ ပိတ်သိမ်းပြီး မိခင်နိုင်ငံသို့ ပြန်လွှတ်



Share/Bookmark


ဂျပန် သတင်းထောက် Mr. Yuki kitazumi ၊ Nikkei Asia က ဒီနေ့မနက် ရိုက်ကူးထားတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မြင်ကွင်း။

ရန်ကုန်၊ မေ ၁၄၊ ၂၀၂၁

ရန်ကုန်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဂျပန်သတင်းထောက် Mr. Yuki Kitazumi ကို စွဲဆိုထားတဲ့ အမှုများပိတ်သိမ်းပြီး မိခင်နိုင်ငံ ပြန်လည် စေလွှတ်ပေးကြောင်း သိရပါတယ်။

မြန်မာ - ဂျပန် ၂ နိုင်ငံ ဆက်ဆံရေးကို ရှေးရှုပြီး လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သတင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်ရဲ့ မေတ္တာရပ်ခံချက်ကို အလေးထားပြီး လည်းကောင်း စွဲဆိုထားတဲ့ အမှု ပိတ်သိမ်းပြီး ပြန်လည် စေလွှတ်ပေးမှာ ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နကစ) သတင်း ထုတ်ပြန်ရေး အဖွဲ့က မေလ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Mr. Yuki kitazumi ဟာ CDM လှုပ်ရှားမှုနဲ့ ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်နိုင်ရေး ထောက်ပံ့ပေးကြောင်း စစ်ဆေး တွေ့ရှိ ရတဲ့ အတွက် ဧပြီလ ၁၈ ရက်နေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ လည်းကောင်း၊ ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုဖြင့် လည်းကောင်း တရားစွဲဆို အမှုဖွင့်ထားခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

Mr. Yuki kitazumi ကို သတင်းမှားတွေ ဖြန့်ဝေမှုနဲ့လည်း နစက ကောင်စီက တရားစွဲဆိုထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးက မေလဆန်းမှာ ပြောဆိုကြောင်း AP ကလည်း ရေးသားထားပါတယ်။

ဒီနေ့ မနက်ပိုင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ Mr. Yuki kitazumi ကို မြန်မာ အာဏပိုင်တွေက ဗင်ကား ၁ စီး နဲ့ လာရောက် ပို့ဆောင်ပြီး ၁ မိနစ်ခန့်ရပ်ကာ ပြန်လည် ထွက်ခွာသွားတာကို တွေ့ရှိရကြောင်း၊ သူဟာ ရန်ကုန် လေဆိပ် ကနေ မနက် ၁၁ နာရီခွဲမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ပျံသန်းမယ့် လေယာဉ်နဲ့ လိုက်ပါစီးနင်းပြီး မိခင်နိုင်ငံကို ပြန်ရမှာ ဖြစ်တယ်လို့ ယူဆရကြောင်း Nikkei Asia သတင်းက မနက် ၉ နာရီ ၁၀ မိနစ်မှာ ရေးသားထားတာ တွေ့ရှိရပါတယ်။

Mr. Yuki kitazumi ဟာ အာဏာသိမ်း ကာလအတွင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် တရားစွဲဆိုခံရကာ မိခင်နိုင်ငံကို ပြန်လည် ပို့ဆောင်ခံရတဲ့ ပထမဆုံး နိုင်ငံခြားသား သတင်းထောက်လည်း ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိ Mr. Yuki kitazumi ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဂျပန်အခြေစိုက် အထင်က ရ သတင်းဌာနတွေ အတွက် သတင်းတွေပေးပို့နေတဲ့ အလွတ်တန်း သတင်းထောက် ၁ ဦး ဖြစ်ပြီး တိုကျိုအခြေစိုက် Nikkei Asia သတင်း ဌာနရဲ့ သတင်းထောက်ဟောင်း ၁ ဦးလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်ဖမ်းဆီးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရန်ကုန် မြေနီကုန်းမှာ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို သတင်းယူနေတုန်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ခဏတာ ဖမ်းဆီးမှုကို ခံခဲ့ရပါသေးတယ်။ 


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ