စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန်


မေလ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း ရိက္ခာဖြတ်တောက်ခံထားရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်မှ ရိက္ခာကူညီပို့ဆောင်ပေးမှု ပြုလုပ်ပေးခဲ့သည်ဟု KNU ၏ ပြန်ကြားရေး သူးလေသတင်းစဉ်၌ ယမန်နေ့ မေလ ၃၀ရက်နေ့ ညတွင် ဖော်ပြထားသည်။

ယခုလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ထိုင်းစစ်တပ်မှ ၎င်းတို့ နယ်ခြားစစ်သုံး စက်လှေ ၄ စီး နှင့် အရပ်သား သုံး Honda စက်တပ်ရေယာဉ် ၁ စီးကိုအသုံးပြု၍ စစ်ကောင်စီ၏ ရီးကြာထာစခန်းမှ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ကော်လူဒဲ ကျေးရွာအုပ်စုရှိ လယ်စေး(စောထော)အထိ စစ်ကောင်စီ စခန်းများသို့ ရိက္ခာ ကူညီပို့ဆောင်ခဲ့သည်ဟု KNU က ဆိုသည်။

KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က “အောက်က ပို့လာတဲ့ သတင်းအရ စစ်ကောင် စီတပ်က ပို့လာတဲ့ ရိက္ခာတွေကို ထိုင်းနယ်ခြားတပ်က ကူပို့ပေးတယ်လို့ပြောတယ်။ စစ်လှေအမဲ ၄စီးနဲ့က ၉ ခေါက်လောက်ပို့ပြီးတော့ Honda စက်တပ်လှေ တစ်စီးနဲ့ကျတော့ ၈ ခေါက်လောက်ပို့ပေးတယ်။ ရီးကြာထာမှာ တစ်နေရာနဲ့ လယ်စေးမှာရှိတဲ့ စစ်ကောင်စီစခန်းမှာတစ်နေရာပို့ ပေးတယ်။ သူတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအရ ပို့ပေးတဲ့ သဘောလား ဘာလားတော့ မသိဘူး။” ဟု ကေအိုင်စီ သို့ အတည်ပြုပြောဆိုသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီ တပ်များကို ရိက္ခာဖြတ်တောက်ထားခြင်းမှာလည်း ဒေသခံ ပြည်သူလူထုများ အပေါ် စစ်ကောင်စီတပ်၏ ဖိနှိပ်အနိုင်ကျင့်မှုကို ဟန့်တားရန်အတွက်ဖြစ်ကာ ထိုင်းစစ်တပ်အနေဖြင့်လည်း အရပ်သား ပြည်သူလူထုများ၏ ထိခိုက်နစ်နာမှုများအပေါ် စာနာ ထောက်ထားရန် လိုအပ်ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးအားမြောက်မှုများ မပြုလုပ်သင့်ကြောင်းလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်ပြောသည်။

ထိုင်းစစ်တပ်မှ ၅ ရက်တာအတွင်း အဆိုပါ စစ်သုံး စက်လေ ၄ စီးဖြင့် ၉ ခေါက် နှင့် စက်တပ်ရေယာဉ် ၁ စီးဖြင့် ၈ ခေါက် စုစုပေါင်း ၁၇ ခေါက် ပို့ဆောင်ပေးခဲ့သော်လည်း လတ်တလော စစ်ဘေးရှောင်နေရသည့် ဒေသခံ အရပ် သားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုမူ ဒေသတွင်း ထိုင်းအာဏာပိုင်များက ကန့်သတ် ပိတ်ပင်မှုများပြုခဲ့သေးသည်။

အလားတူ စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် မတ်လအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိုင်းနိုင် ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကရင်စစ်ဘေးရှောင်များကို ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည် မောင်းထုတ်ခဲ့ခြင်းမျိုးလည်း ပြုလုပ်ခဲ့သေးပြီး လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများလည်း ပေးအပ်ခဲ့ခြင်းမျိုးမပြုခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်မှုပေးနေသည့် အရပ်ဖက် အဖွဲ့အစည်း များက ဆိုခဲ့ဖူးသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ခေးပူဒေသဘက်သို့ ရိက္ခာတင်ပို့ မှုများပြုလုပ်ရာတွင် တမေထာဒေသ အထိရောက်ရှိလာသောကြောင့် နံနက် ၈နာရီ မိနစ်၄၀ခန့် အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁ )နှင့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တစ်ချိန်တည်းတွင်ပင် ကြော့ခယ်ကြိုး တပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကြော့ခယ်ကြိုးကျေး ရွာအတွင်းသို့ လက်နက်ကြီး ၂ လုံးနှင့် မောကို ၊ ကော်ထယ်ဒဲ ကျေးရွာဘက်သို့ လက်နက်ကြီး ၂ လုံး ပစ်ချခဲ့ သေးကြောင်း KNU၏ သူးလေသတင်းစဉ်က ထုတ်ပြန်ထားသည်။


Karen Information Center -KIC 

https://www.facebook.com/KICNewsPage

စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ထိုင်းစစ်တပ်က ရိက္ခာကူညီပို့ဆောင်ပေးဟု KNU ထုတ်ပြန် Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.