ဖာပွန်ခရိုင်တွင်း မြန်မာစစ်စခန်းတချို့ ဆုတ်ခွာ - KNU တပ်မဟာ ၅ ပြောခွင့်ရ

ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစခန်းမှာ ကျန်ခဲ့တဲ့လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - KNLA - မေ ၁၂၊ ၂၀၂၁)

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတပ်တွေနဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို ဖာပွန်ခရိုင်အတွင်းက မြန်မာစစ်ကောင်စီ စခန်း ၄ ခုကတော့ ဧပြီလကုန်ကနေ စပြီး လက်နက်နဲ့ ကျည်ဆံတွေ ထားပြီး စခန်းကနေဆုတ်ခွါသွားတယ်လို့ ကေအန်ယူကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ တပ်စခန်း ၂ ခုဖြစ်တဲ့ သီးမူထာနဲ့မယ်ရထာစခန်း ၂ ခုကို ကေအန်ယူ တပ်မဟာ ၅ က တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် နောက်ထပ် စခန်း ၄ ခုမှာ လက်နက်နဲ့ ကျည်ဆံတချို့ ထားခဲ့ပြီး စစ်တပ်က အခိုင်အမာ ခြေကုတ်ယူထားတဲ့နေရာတွေက ဆုတ်ခွါသွားခဲ့ကြောင်း ကေအန်ယူတပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက အခုလိုပြောပါတယ်။

"သူတို့ဟာသူတို့ ဆုတ်ခွါသွားတဲ့စခန်းကတော့ သိရသလောက်ကတော့ မယ်ပေါ်မူထရယ်၊ မော်မူကျိုးစခန်း၊ အူးသုထစခန်း၊ နောက်တခုက ကော်ကြာခိုစခန်းရယ်။ သူတို့ဟာနဲ့သူတို့ ဆုတ်ခွါသွားတယ်လို့ သိရတယ်။ အနီးနားက ကျနော်တို့ တပ်ဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရပေါ့။ ကျနော်တို့ သတင်းရရှိချက်အရ ကျနော်တို့ သွားတိုက်တာ မဟုတ်ဘူး။ သူတို့ဖာသာသူတို့ ဆုတ်ခွါသွားတယ်။ သူတို့မှာလည်း သူတို့အခက်အခဲ အမျိုးမျိုးတော့ ရှိမှာပေါ့နော်။ လက်နက်တွေကျတော့ အဲဒီမှာပဲ ချန်ထားခဲ့တယ်။ ခဲယမ်းမီးကျောက်တွေလည်း သူတို့ဖွက်ထားတာလည်း ရှိမှာပေါ့နော်။ အခုကတော့ ဘယ်နေရာတွေမှာ ဖွက်ထားလဲဆိုတာ အကုန်လုံးတော့ မသိရသေးဘူးပေါ့။"

မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ နယ်ခြားစောင့်တပ်တွေလည်း ကေအန်ယူကို ထိုးစစ်ဆင်တာတွေရှိနေပြီး ဖာပွန်အောက်ပိုင်းမှာ နှစ်ဘက်ထိတွေ့မှုတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

"အောက်ပိုင်းမှာပဲ ရှိသေးတယ်။ အပေါ်ပိုင်းကိုတော့ သူတို့က မရောက်လာသေးဘူး။ BGF က စစ်တပ်နဲ့ပေါင်းပြီး သူတို့ လာလှုပ်ရှားတာ။ သူတို့သက်သက်ချည်းတော့ မဟုတ်ဘူး။ အောက်ပိုင်းမှာတော့ ထိတွေ့မှုရှိတယ်။ ဝါသောခိုနဲ့ တံတားဦးကြားမှာ သူတို့ လှုပ်ရှားတော့ စစ်တပ်နဲ့ပေါင်းပြီး လှုပ်ရှားလာတော့ ထိတွေ့မှုရှိတယ်။"

မြန်မာစစ်စခန်းတွေကို ကေအန်ယူက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတာနဲ့ တပ်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ မတ်လကုန်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား၂၀ လောက်သေဆုံးခဲ့ပြီး ၃၀ လောက်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ ၅ ကလည်း ကေအန်ယူဗဟိုရဲ့ အပစ်အခတ်ရပ်ဆဲထားတဲ့ မူကို မလိုက်နာဘဲ တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း စစ်တပ်ရဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့သလို ကေအန်ယူတပ်တွေဘက်ကလည်း စစ်တပ်ဟာ NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အရင်ကတည်း ချိုးဖောက်ပြီး သူတို့ရဲ့ တပ်မဟာတွေမှာ လမ်းတွေဖောက်လုပ်ပြီး အခိုင်အမာ ခြေကုတ်စခန်းတွေ တိုးချဲ့တည်ဆောက်ခဲ့တာလိုလည်း ကေအန်ယူဘက်ကပြောဆိုခဲ့ပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/knu-kayin-myanmar-military-conflict/5887541.html

ဖာပွန်ခရိုင်တွင်း မြန်မာစစ်စခန်းတချို့ ဆုတ်ခွာ - KNU တပ်မဟာ ၅ ပြောခွင့်ရ ဖာပွန်ခရိုင်တွင်း မြန်မာစစ်စခန်းတချို့ ဆုတ်ခွာ - KNU တပ်မဟာ ၅ ပြောခွင့်ရ Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.