စစ်ကောင်စီ လေကြောင်းကတိုက်နေတဲ့ KNU နယ်မြေထဲ BGF တွေဝင်ရောက်

မှတ်တမ်းဓါတ်ပုံ ၂၀၁၆ စက်တင်ဘာလတုန်းက ကရင်ပြည်နယ်အတွင်း တွေ့ရသော BGF တပ်များ

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်စခန်းဖြစ်တဲ့ မယ်ရထာစခန်းကို KNU ကသိမ်းယူပြီးတဲ့နောက် စစ်ကောင်စီဘက်က ၄ရက်မြောက်အဖြစ် သံလွင်မြစ်အနီးက ကရင်ကျေးရွာတွေကို တနင်္ဂနွေနေ့က ဗုံးကြဲတိုက်ခိုက်မူ ထပ်လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ၅တို့ဟာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ကေအန်ယူ ဘက်ကလည်း မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲ့ တပ်စခန်း၂ခုဖြစ်တဲ့ သီးမူထာနဲ့ မယ်ရထာ စခန်းတွေကို သိမ်းပိုက်ခဲ့တာပါ။ ဧပြီလ ၂၇ရက်နေ့ကတော့ သံလွင်မြစ်အန်ီးက မယ်ရထာစခန်းကို သိမ်းပြီးတဲ့နေ့ ကစလို့ ဧပြီလ ၂၈ ရက်၊ ဧပြီလ ၃၀ရက်၊ မေလ ၂ရက်နေ့တွေမှာ အရပ်သားကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူလုပ်ခဲ့တယ်လို့ ကေအန်ယူတပ်မဟာ(၅)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလယ်ဒို က ပြောပါတယ်။

“ လာပြီးတော့ သံလွင်မြစ်ကမ်းနဲ့ နီးတဲ့ ဒေသမှာလာပြီးတော့ ဗုံးကြဲ တိုက်ခိုက်တယ်လေ။ မနေ့ညက ၁၀နာရီကျော်၊ ၁၁နာရီ ဝန်းကျင်လောက်မှာ သံလွင်မြစ်နဲ့ နီးတဲ့ ဘွားတဲ ကျေးရွာအုပ်စုလား၊ လေးခို လေးကော်ခေါ် အဲဒီရွာတွေမှာ ဗုံးကြဲတယ်လေ။ မနေ့ည အဲဒီ ၂ရက်နေ့ညက ဗုံးကြဲတယ်။”

ကေအန်ယူဘက်က ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ စခန်းတွေကို တိုက်ခိုက်မူတွေလုပ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကရင်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာတော့ စစ်အုပ်ချုပ်ရေးကောင်စီက နယ်ခြားစောင့်တပ်တွေရဲ့ အင်အားကို သုံးပြီး ကေအန်ယူကို ချေမှူန်းရေးတွေ လုပ်နေတယ်လို့လည်း ပြောပြပါတယ်။

“ပြီးခဲ့တဲ့ လေးငါးရက်က BGF တပ်ဖွဲ့က စစ်အင်အား ၁၅၀လောက် မနေ့ ကလည်း ကျနော်တို့ ဒေသခံတွေ သတင်းပေးချက်အရ နောက်ထပ် ၄၀၀ လောက် အင်အားတိုးလာတယ်လို့ သတင်းရရှိတာပေါ့နော်။ အဲဒါလည်း ကျနော်တို့ တပ်မဟာ(၅)ကို တိုက်ဖို့အတွက် အစီအစဉ်တခုလို့ပဲ အားလုံးကတော့ ယူဆကြတယ်။”

မြန်မာစစ်ကောင်စီတပ်တွေက ကေအန်ယူထိန်းချုပ်ရာ ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ကရင်ရွာသား ၂သောင်းကျော် ဘေးလွတ်ရာကိုရှောင်ပြေးနေရပြီး အခုထိ နေရပ်မပြန်နိုင်ကြသေးဘူး လို့လည်း KNU ဘက်က ပြောပါတယ်။

KNU - သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်များ ဧပြီလ (၃၀)ရက်နေ့က လှည့်ပတ် ပျံသန်းနေမှုတွေကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးနယ်အုပ်စု (၆)စုက ဒေသခံပြည်သူ (၁၀၀၀)လောက်ဟာ တောတောင်ထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ လည်းဆိုပါတယ်။ ဒီရက်ထဲမှာတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ဖာပွန်ခရိုင်ထဲက စစ်ဘေးဒုက္ခသည် ၂ထောင်လောက် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/myanmar-karen-bgf-fighting-/5876771.html

စစ်ကောင်စီ လေကြောင်းကတိုက်နေတဲ့ KNU နယ်မြေထဲ BGF တွေဝင်ရောက် စစ်ကောင်စီ လေကြောင်းကတိုက်နေတဲ့ KNU နယ်မြေထဲ BGF တွေဝင်ရောက် Reviewed by THITHTOOLWIN on 07:37 Rating: 5

No comments:

Powered by Blogger.