စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက်



ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့က စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် စခန်းနဲ့ နန့်မွန်းတောင်ပေါ်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မေလ ၂၉ ရက်နေ့ မနေ့ညသန်းခေါင်ယံမှာ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တယ်လို့ နန့်မွန်းမြို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို KIA အဖွဲ့က သတိပေးတဲ့သဘော ဝင်တိုက်ခဲ့တာဖြစ်နိုင်ပြီး အပျက်အစီးတွေရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နန်းမွန်းဒေသခံတစ်ဦးက ဆိုပါတယ်။

"အဲဒါကတော့ သူတို့ ဒီပြည်သူ့စစ်စခန်းကို ဆောက်ထားတဲ့ အဆောက်အဦတွေ အမိုးတွေကတော့ ပျက်စီးသွားတယ်လို့ ကျွန်တော်ကြားတယ်ဗျ။ အခုပစ်တာကလည်း ကျွန်တော်ထင်တာကလေ ပြည်သူ့စစ်စခန်းဆိုတာကလည်း ဒီနားက တပ်ကပဲလေ။ တပ်ကနေပဲဆိုတော့ သူတို့က ဒီမှာကျတော့ အတူတူပဲနေကြတယ်ဆိုတော့ သူတို့က ဟိုဘက်ဒီဘက် ကွဲသွားလို့သာ နည်းနည်းလေး သတိပေးတဲ့ သဘောအနေနဲ့သာ ပစ်တာလားလို့လေ။ အဲလိုမျိုးလည်း ပြောနေကြလို့။ အဲဒီအိမ်နားကတော့ အိမ် တစ်အိမ်ကတော့ နည်းနည်းလေး ထိသွားတယ်လို့ ပြောတယ်။ ကျွန်တော် ကြားရသလောက်ကတော့ အရမ်းကြီးအပျက်စီး အဆုံးအရှုံးတွေတော့ မရှိပါဘူးဗျ"

    "ပြည်သူ့စစ်စခန်းကို ဆောက်ထားတဲ့ အဆောက်အဦတွေ အမိုးတွေကတော့ ပျက်စီးသွားတယ်လို့ ကျွန်တော်ကြားတယ်ဗျ"

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်းတော်ကြီးဒေသမှာရှိတဲ့ နန့်မွန်းမြို့၊ ဟိုပင်မြို့ အနီးနားတွေမှာ စစ်ကောင်စီနဲ့ အခုလိုဖြစ်တဲ့ တိုက်ပွဲတွေဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တိုက်ပွဲတွေဆက်ပြီး ရှိလာနိုင်တယ် လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်ပစ်ခက်မှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ် အဖွဲ့က စစ်သား နှစ်ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး KIA ဘက်မှာတော့ အထိခိုက်နဲ့ အကျဆုံး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းနီပြည်သူ့စစ်အဖွဲ့က စစ်သား နှစ်ဦး ကျဆုံးတယ်ဆိုတာကို RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာက ရှမ်းနီပြည်သူ့စစ် ခေါင်းဆောင် ဦးမင်းဇင်သန့် နေအိမ်ကို KIA စစ်သား လေးယောက်က ဝင်ရောက်စီးနင်းခဲ့ရာမှာ အိမ်မှာအသင့်စောင့် ဆိုင်းနေတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် KIA စစ်သား လေးဦးလုံး သေဆုံးခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့မှာတော့ ဖားကန့်မြို့နယ်၊ နောင်းမီကျေးရွာက ရှမ်းနီပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးကျော်ကို နေအိမ်ထဲကနေခေါ်ထုတ်ပြီး KIA က သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါကြောင့် KIA ဘက်က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေရင်းကနေ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်စခန်းကိုလည်း အခုလို ဝင်ပြီးတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြ ပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူပဲ ပူတာအိုနဲ့ မြစ်ကြီးနားမြို့ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က လုံရှာရန် ကျေးရွာ၊ ဖက်မာကျေး၊ မဆွတ်ရန်ကျေးရွာ အနီးနားတွေမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းအချို့ကို KIA တပ်မဟာ (၁) က မေလ ၂၉ ရက် မနေ့က ကြားဖြတ်ချုံခိုပြီး တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီ တပ်ရင်း (၁၃၇) က စစ်သား ၅၀ လောက်ဟာ ကား ၂ စီးနဲ့ သွားရင်းကနေ လမ်းခုလတ်မှာ KIA က အခုလို တိုက်ခိုက်ခဲ့လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"လုံရှာရန် တာဝါတိုင် မရောက်ခင်လေးပေါ့နော် ပစ်တာ။ လုံရှာရန်နားကနေ ပစ်တာ။ သူတို့ ကြိုစောင့်ထားတာထင်တယ်။ ဒီဘက်ကလည်းနည်းနည်း သူတို့ မြင်တာနည်းနည်းဦးသွားတော့ အဲမှာ ပစ်တာလည်း ဟိုဘက်က လက်ပစ်ဗုံးထင်တယ်။ ကားကို ပစ်လာတာ ဒါပေမဲ့ ကားတော့ မမှန်သေးဘူး။ လမ်းပေါ်မှာပဲ ကျလာတယ်လေ။ ကျွန်တော့် ကားနောက်မှာရှိနေတဲ့ သူတွေထဲက တစ်ယောက်တော့ ဟုတ်တယ်။ လည်ပင်းမှာ ထိသွားလို့ အဲဒီတစ်ယောက်တော့ ဆုံးသွားတယ်"

စစ်ကောင်စီရဲ့ တပ်သားတွေဟာ KIA ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် ပူတာအိုမြို့ရှိရာဘက်ကို တပ်ဆုတ်ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာရာလမ်းတလျှောက် လုံရှာရန်ကျေးရွာအုပ်စုထဲက မဆွမ်ရန် ရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ကျေးရွာနေအိမ်က ခြံစည်းရိုးတွေ လဲကျပျက်စီးခဲ့တဲ့အထိ သေနတ်နဲ့ ပစ်ခတ်ခဲ့ တယ်လို့ ဒေသခံကျေးရွာသားတစ်ဦး ပြောပါတယ်။

"မဆွတ်ရန်ရွာမှာ သူတို့ ဝင်တာနဲ့ အဲလို လမ်းတောက်လျှောက် အဲလို လမ်းနံဘေးက လမ်းတွေကို အဲလို ခြံစည်းရိုးတွေကို လဲကျသွားအောင် လဲတဲ့အထိ အဲလို ပစ်ပေးတယ်လို့ ပြောတယ်"

ပူတာအိုဒေသမှာ စစ်ကောင်စီနဲ့ KIA တို့အကြား ဧပြီလကတည်းကနေ အခုချိန်ထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုဟာ ၇ ကြိမ်ထက်မနည်းရှိနေပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံး ၂၀ ထက် မနည်းရှိနေပြီဖြစ်တယ်လို့ ကချင်စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အလားတူပဲ မေလ ၃၀ ရက် ဒီနေ့ မနက်ပိုင်း ၅ နာရီလောက်ကလည်း ကချင်ပြည်နယ်တွင်းဖြစ်တဲ့ ဖားကန့် မြို့အဝင်၊ လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်အနားမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ အပြန်အလှန် ပစ်ခတ် မှုတချို့ရှိခဲ့ပြီး အဲဒီအနီးနားက စစ်ကောင်စီရဲ့ ယမ်းချက်စက်ရုံနားမှာ လက်နက်ကြီး ပစ်ခတ်သံတွေ၊ ပေါက်ကွဲ သံတွေကို ကြားနေရတယ်လို့ လယ်ပြင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဆီးဟပ် ကုန်းလော့၊ မြို့သစ်တဝိုက်က တာဝါတိုင် ကုန်းမှာလည်း မေလ ၂၉ ရက် မနေ့ည ၁၁ နာရီလောက်ကနေ မနက်ခင်းပိုင်းအထိ စစ်ကောင်စီ တပ်တွေနဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး စစ်ဘက်သုံး တိုက်လေယာဉ်တစ်စီး လာရောက်ဝဲပျံခဲ့တာကို တွေ့မြင်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ မန်နောင်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်ထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ စစ်ရေးအခြေအနေကို သိနိုင်ဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

အလားတူ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဖုန်းဆက်သွယ်လို့ မရပါဘူး။

ကချင်ပြည်နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ၊ စစ်ကောင်စီရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA တို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး ကချင်စစ်ရေးလေ့လာသုံးသပ်သူတွေရဲ့ ခန့်မှန်းသုံးသပ်ချက်အရ ကချင်ပြည်နယ်တွင်းမှာ ရက်ပေါင်း ၁၂၀ အတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese



စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက် စစ်တပ်စခန်းတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို KIA တိုက်ခိုက် Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.