ကျောက်စိမ်းထွက်တဲ့ဒေသက စစ်ကောင်စီတပ်စခန်းတချို့ KIA သိမ်းပိုက်



စစ်ကိုင်းတိုင်း ခန္တီးမြို့ကနေ (၃၃) မိုင် အကွာက ကျောက်စိမ်းသယံဇာတထွက်တဲ့ နမ့်စီဘွမ် ကျောက်စိမ်းမှော် ရွာအနီးမှာ စစ်ကောင်စီရဲ့ ရှေ့တန်း စစ်တပ်စခန်းတွေနဲ့ ရဲတပ်ရင်းစခန်းတွေကို မေလ ၂၂ ရက် ဒီကနေ့မနက် (၂) နာရီအချိန်လောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်ပြီး တပ်စခန်း တချို့ကို သိမ်းပိုက်ခဲ့တယ်လို့ နမ့်စီဘွမ်ရွာသားတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သားတွေနဲ့ ရဲတွေကို ကြိုးနဲ့တုပ်ပြီး ကားပေါ်ကို တင်ခေါ်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နန့်စီဘွမ် ကျေးရွာဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ် ။

"မနက်ခင်းကို သူတို့မနက် (၂) နာရီလောက်ကနေစပြီးတော့ စခန်းတွေ သိမ်းတာ။ တစ်ကုန်းပြီး တစ်ကုန်း သိမ်းတာ။ ကုမ္ပဏီက အစောင့်ရဲစခန်းတွေရော၊ ရဲကင်းတွေရော၊ တပ်စခန်းတွေရော အကုန်လုံးကို KIA က သိမ်းပိုက်လိုက်တယ်။ သိမ်းပိုက်ပြီးတော့ အဲဒီမှာ ရဲတွေရော စစ်သားတွေရော ကြိုးတုပ်ပြီးတော့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပြောတယ်။"

နန့်စီဘွမ်ကျေးရွာက ကျောက်စိမ်းမှော်မှာ စစ်ပွဲဖြစ်ပွားတာ ဒါပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန့်စီဘွမ်မှော်မှာ လူဦးရေ တစ်သောင်းခန့်အထိရှိနေပြီး အများစုက ကျောက်စိမ်း လာရောက်ရှာဖွေကြသူတွေ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်းနဲ့ KIA တပ်မဟာ (၉) တပ်မမှူးကိုယ်တိုင် ဦးဆောင်ပြီး တိုက်ခိုက်တာ ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

"အဲဒီ လက်တွေ့ ဆင်နွှဲနေတဲ့ ဘယ်တပ်ရင်းက ဦးစီးဦးဆောင်တယ်ဆိုတာကတော့ ကျွန်တော်တို့ သတင်းထဲမှာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ တပ်မဟာ (၉) တပ်မမှူး ဦးဆောင်ပြီးမှ ဆောင်ရွက်တယ်ဆိုတဲ့ သတင်းလောက်တော့ ကျွန်တော်တို့ ကြားပါတယ်။ ဒါပေမဲ့ တိကျတဲ့ ဒီအသေးစိတ်သတင်းတွေကတော့ ကျွန်တော်တို့ ဘာမှမကြားမိပါဘူး ။ ကျွန်တော်တို့ဆီမှာ တက်လာတဲ့ သတင်းလည်း မရှိသေးပါဘူးခင်ဗျ။"

နှစ်ဘက် အကျအဆုံး သတင်းအသေးစိတ်ကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူ က ဆိုပါတယ်။ စစ်သား၊ ရဲသား ဘယ်နှစ်ယောက်ကို KIA က ဖမ်းဆီးသွားလဲဆိုတာနဲ့ စခန်း ဘယ်နှစ်ခု သိမ်းပိုက်ခဲ့လဲဆိုတာကိုတော့ RFA က မေးမြန်းပေမယ့် သတင်းမရသေးဘူးလို့ ပြောပါတယ်။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ နန့်စီဘွမ်ရွာသား တစ်ဦးက ပြောပါတယ် ။

“တွေ့တာတော့ မတွေ့ဘူး။ ကြားတော့ကြားရတယ် သေနတ်ပစ်သံ။ လေယာဉ်လာတဲ့အခါကျတော့ ရပ်သွားတယ်။ အပစ်အခတ်တွေ ရပ်သွားတယ်။ ဘယ်သူတွေသေလို့ ဘယ်သူတွေ သေကြတယ် ဆိုတာတော့ အမ အခုချိန်ထိ သတင်း အတိအကျတော့ မသိရသေးဘူး။ ကုမ္ပဏီတွေကတော့ မီးလောင်နေတယ်။ အခုချိန်ထိ မီးလောင်နေတုန်းပဲ ကုမ္ပဏီတွေကတော့၊ ကျောက် ကုမ္ပဏီတွေလေ။ စခန်းက စခန်းမှူးကို ခေါ်သွားတယ်တဲ့။ အမျိုးသမီး ကလေးအမေတစ်ယောက်နဲ့ ဗိုက်ကြီးသည် တစ်ယောက် ကျန်ခဲ့တယ်တဲ့။ ကျန်တဲ့ ရဲတွေကိုတော့ မမြင်မိဘူး။ သေသလား ရှင်သလားတော့ မသိဘူးလို့ ပြောတယ်။"
ကျေးရွာနဲ့ နှစ်မိုင်အကွာလောက်မှာ စစ်ဖြစ်နေတာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှုကြောင့် လက်ရှိအခြေအနေ ထိတော့ ရွာထဲကိုတော့ လက်နက်ကြီးကျတာ၊ နေအိမ်တွေ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးတာနဲ့ အရပ်သား အသေအပျောက် မရှိသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအချို့ မီးလောင်ခဲ့ပြီး စစ်ကောင်စီပိုင်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ခိုင်နန်းရွှေ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေက  အဆိုးဝါးဆုံး မီးလောင်နေတယ်လို့ မျက်မြင်တွေ့သူ ရွာသားတွေက ဆိုပါတယ်။ ဒီကုမ္ပဏီတွေ မီးလောင်တာနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင် သေးပါဘူး။

လက်ရှိ စစ်ကောင်စီနဲ့ KIA တို့ စစ်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်ထဲက နန်စီဘွမ် ကျောက်စိမ်း မှော်ရွာဟာ ခန္တီးမြို့နဲ့ (၃၃) မိုင်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ မိုင် (၄၀)ခန့် ကွာဝေးပြီး ခန္တီးမြို့နဲ့ ဖားကန့်မြို့ မြို့နှစ်ခုကြားမှာရှိတဲ့ ကျောက်စိမ်းသယံဇာတနဲ့ ရွှေထွက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျောက်စိမ်း မှော် တစ်ခု ဖြစ်ပါတယ် ။

မြန်မာပြည်အရပ်ရပ်က ရွှေနဲ့ ကျောက်စိမ်းရှာဖွေဖို့ လာရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ တစ်သောင်းကျော် ရှိနေပြီး နန့်စီဘွမ်ကျောက်စိမ်းမှော်မှာ လက်ရှိ ကျောက်စိမ်းနဲ့ ရွှေတူးဖော်နေတဲ့ တူးဖော်ရေးကုမ္ပဏီ ပေါင်း ၃၀ လောက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နန့်စီဘွမ် တိုက်ပွဲနဲ့ စစ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို RFA က မေးမြန်းဖို့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အပေါ်စီးကနေ စစ်ဘက်သုံး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ချတာတွေဟာ ရွာအနီးနား တစ်မိုင်ခန့်အကွာမှာ ကျရောက်နေပြီဖြစ်တာမို့ ရွာထဲ တိုက်ပွဲရောက်လာမှာကို ရွာသူရွာသားတွေက စိုးရိမ်နေကြတယ် ပြောကြပါတယ်။

RFA Burmese



ကျောက်စိမ်းထွက်တဲ့ဒေသက စစ်ကောင်စီတပ်စခန်းတချို့ KIA သိမ်းပိုက် ကျောက်စိမ်းထွက်တဲ့ဒေသက စစ်ကောင်စီတပ်စခန်းတချို့ KIA သိမ်းပိုက် Reviewed by THITHTOOLWIN on 19:31 Rating: 5

No comments:

Powered by Blogger.