အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KIA ကြား တစ်ကျော့ပြန် တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ်



စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ (၁၅) ရက်နေ့ကနေ စတင်ပြီး ကချင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ ရက်ပေါင်း (၉၀) အတွင်းမှာ တိုက်ပွဲပေါင်း (၁၄၀) ခန့်ဖြစ်ခဲ့တယ်လို့ ကချင်စစ်ရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲပေါင်းဟာ (၅၀) ထက်မနည်း ရှိတယ်လို့ ပြောပါတယ်။

အဓိကအားဖြင့် မိုးမောက်မြို့နယ်တွင်းက ဆီးဟပ်၊ ကုန်းလော့၊ မြို့သစ်၊ မင်းကြမ်း၊ မက်ကွိုင်၊ မန်နောင်၊ နွယ်လန်း စတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး မန်စီမြို့နယ်တွင်းက အထက်ရှမ်းရွာ၊ မန်ခ၊ မထန်ရမ်၊ ချောင်းထောက် စတဲ့ ရွာတွေမှာလည်း စစ်ကောင်စီဘက်က ကချင်လွတ်မြောက်တပ်မတော် KIA ကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့နယ်တွင်းမှာ ပြီးခဲ့တဲ့ ဧပြီလ (၁၀) ရက်နေ့က စတင်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဒီနေ့အထိဆို ရက်ပေါင်း (၃၅) ရက်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

မေလ (၁၄) ရက်နေ့ညပိုင်းမှာတော့ မိုးမောက်မြို့နယ်အတွင်းက ဆီးဟပ်ကျေးရွာထဲကို စစ်ကောင်စီဘက်က ပစ်ခက်လိုက်တဲ့ လက်နက်ကြီး သုံးကြိမ်ကျရောက်ခဲ့တာကြောင့် အရပ်သားနေအိမ် သုံးလုံး ပျက်စီးခဲ့တာ ရှိသလို မင်းကြမ်းကျေးရွာ ဈေးကုန်းက ဦးအားတီ နေအိမ်ကိုလည်း လက်နက်ကြီး ကျခဲ့တာကြောင့် နေအိမ်ပျက်စီးခဲ့ပြီး အသက် (၄၀) ရှိ အမျိုးသမီးတစ်ဦး သေနတ်ကျည် နောက်ကျောကနေ ဖောက်ဝင် ထိမှန်ခဲ့တာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး ဗန်းမော်ဆေးရုံကို ဆေးကုသမှုခံယူဖို့ သွားရောက်ခဲ့ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇီကောကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က KIA က ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့မှာ မိုးမောက်မြို့နယ်အတွင်းက တပ်မတော်ရဲ့ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ ဆီးဟပ်ကျေးရွာအနီးက တာဝါတိုင်ကုန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့ နောက်မှာ တိုက်ပွဲတွေ တစ်လကြာမြင့်တဲ့အထိ မရပ်မနား ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

"သူက အမျိုးသမီး၊ အသက် (၄၀) ဝန်းကျင်။ နောက်ပြီးတော့ ဘယ်လိုလဲဆိုတော့ ကျောကနေ ဖောက်ဝင် သွားတာ။ သူက လက်နက် ဘယ်လိုမှန်တာလဲဆိုတော့ အိမ်ထဲမှာ။ သူတို့အိမ်က တိုက်အိမ်လေ။ တိုက်အိမ် ဆိုတော့ ပြတင်းပေါက်မှာ မှန်တွေ ကာထားတယ်။ ကိုယ့်အိမ်ထဲမှာကိုယ် အပေါ့သွားတာကိုမှ ပြတင်းပေါက် ကနေ ဖောက်ဝင်ပြီးတော့မှ သူ့ကျောကို နောက်ကနေမှန်တာ။ အခုလက်ရှိက ဘယ် အခြေအနေလဲ ဆိုတော့ သူက ကားနဲ့ ဗန်းမော်ဆေးရုံကို သွားလိုက်တယ်။ သွားတဲ့အခါကျတော့ ဘယ် ဆေးရုံမှာ တက်သလဲတော့မသိဘူး။ ဗန်းမော်ဆေးရုံကိုတော့ သွားလိုက်တာ။ ဘာလို့လဲဆိုတော့ မြို့သစ်မှာ ဆေးရုံမရှိဘူးလေ။ ဆေးရုံက ပိတ်ထားတဲ့အခါကျတော့။"

ကချင်လွတ်မြောက်ရေးတပ်မတော်က KIA က ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်နေ့မှာ မိုးမောက်မြို့နယ်အတွင်းက တပ်မတော်ရဲ့ ရှေ့တန်းစခန်းတစ်ခုဖြစ်တဲ့ ဆီးဟပ်ကျေးရွာအနီးက တာဝါတိုင်ကုန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့ နောက်မှာ တိုက်ပွဲတွေ တစ်လကြာမြင့်တဲ့အထိ မရပ်မနား ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့မှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က စစ်ရေးဗျူဟာအရ ဆိုပြီး ဧပြီလ(၁၂) ရက်နေ့က သိမ်းထားခဲ့တဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းရှိရာ တာဝါတိုင်ကုန်းကနေ နောက်ဆုတ် ပေးခဲ့ပါတယ် ။

အဲဒီနောက်မှာတော့ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြား မိုးမောက်မြို့နယ် အတွင်းမှာ တိုက်ပွဲ လေးရက်ကြာ အေးသွားခဲ့ပေမယ့် မေလ ၁၄ ရက်နေ့ ညနေပိုင်းမှာ တစ်ကျော့ပြန် ပြန်လည်ပစ်ခက်မှုတွေစစ်ရေးအရ တင်းမာလာမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မိုးမောက်မြို့နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ရဲ့ နှစ်ဘက်ကြား တိုက်ပွဲတွေဟာ အခုဆို ရက်ပေါင်း (၃၅) ရက်ကြာမြင့်ခဲ့ပြီး တိုက်ပွဲပေါင်း အကြိမ်ရေ (၁၀၀) ထက်မနည်း ရှိနေပြီဖြစ်တယ်လို့ ကချင်စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အဲလို ရက်ရှည်ကြာမြင့်တဲ့ နှစ်ဘက်ကြားက တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်တွင်းက တိုက်ပွဲဖြစ်ရာ နယ်မြေတွေမှာရှိတဲ့ မြေပဲနဲ့ ပဲပုတ်တောင်ယာသီးနှံ ဧကပေါင်း တစ်ထောင်ခန့် ရိတ်သိမ်းချိန် လွန်သွားပြီး မိုးကျခဲ့တာကြောင့် သီးနှံတွေပျက်စီးကာ အခုထိ တောင်သူတွေ သီးနှံတွေ မသိမ်းဆည်းနိုင်တဲ့အတွက် ဒုက္ခရောက်နေကြတယ်လို့ ဆီးဟပ်ကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ် ။

"ဆုံးရှုံးတာတော့ တော်တော်ကို များနေပြီ။ ကျွန်မတို့ ရေတအားနစ်သွားတယ်လေ။ ကျွဲ၊ နွားလည်း တအားဝင်တဲ့အခါကျတော့ အကုန်လုံး ကျွဲပိုင်ရှင်တွေကလည်း စစ်ရှောင်ကြတော့ ကျွဲက မသိမ်းနိုင် တော့ဘူးလေ။ ကျွဲက တအားမွှေလိုက်တော့ ဆုံးရှုံးမှုတွေ တအားများတယ်။ ရက်လွန်ပြီးမှ အပင် ပေါက်တဲ့ဟာတွေလည်း တော်တော်များတယ်။"

အခုရက်ပိုင်း စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ ပိုပြင်းထန်လာတဲ့အထဲမှာ မန်စီမြို့နယ်လည်း ပြီးခဲ့တဲ့ မေလ (၁၀) ရက်နေ့ကစပြီး စစ်မြေပြင်အသစ် ထပ်ဖြစ်လာခဲ့ပါတယ်။

မန်စီမြို့နယ်တွင်းမှာရှိတဲ့ အထက်ရှမ်းရွာ၊ မန်ခ၊ မထန်ရမ်၊ ချောင်းထောက် စတဲ့ ရွာတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းယူခဲ့တာတွေရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ကချင်လွတ်မြောက်တပ်မတော် KIA ကို အခုချိန်ထိ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

မန်စီမြို့နဲ့ (၁၀) မိုင်ခန့်အကွာ အထက်ပိုင်းမှာ တပ်မတော်ဘက်က လေကြောင်းနဲ့ ဗုံးကျဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ မန်စီမြို့တွင်းက တပ်မတော်ရဲ့ တပ်ရင်းတွေက အဝေးပစ် လက်နက်ကြီး တွေနဲ့ လှမ်းပြီး ပစ်ကူပေးတာတွေ ပြုလုပ်နေတာကြောင့် လက်နက်ကြီးအချို့  ရှမ်းရွာဘက်အနီးနားထိ ကျရောက်နေတာကြောင့် ရွာသားတချို့ဟာ ရွာထဲမနေရဲတော့ဘဲ မန်စီမြို့တွင်းကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လေယာဉ်နဲ့ တစ်ခါလာရင် နှစ်စီးနဲ့ လာပြီး တပ်မတော်ဘက်က ပစ်ခတ်နေတယ်လို့ မန်စီမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအခြေနေနဲ့ပတ်သက်ပြီး မန်စီမြို့ခံတစ်ဦးက ပြောပါတယ်။

"မနေ့ကတော့ မနက်ပိုင်းမှာ အဲဒီ ချောင်းထောက်အထက်က လယ်ကွင်းမှာ ဆန်ခအထက်က လယ်ကွင်း မှာ ဖြစ်ကြတယ်။ အဲဒါနည်းနည်းတော့ ကြာသွားတယ် ။ ပစ်တော့ သေနတ်သံ နည်းနည်းကြာသွားတဲ့ နောက်ပိုင်းမှာ လေယာဉ်နဲ့ တစ်ခါလာရင် နှစ်စီး နှစ်စီးနဲ့ နှစ်ခေါက် လာကျဲသွားတယ်။ အကျ အရှုံးကတော့ ကျွန်မ မသိရပါဘူး။ မြို့ထဲမှာ နေနေတယ်ဆိုတော့။ ညနေပိုင်းကတော့ အမြှောက်ကြီးနဲ့ ညနေအထိ အချက် သုံးလေးဆယ်လောက် ရှိမယ်။ မြို့တွင်းကနေ အဲဒီတောင်ပေါ်လှမ်းပြီး ထုနေတာ။"

ကချင်ပြည်နယ်တွင်း ဖြစ်ပွားလျက်ရှိတဲ့ လက်ရှိ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးအခြေနေတွေနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ် ။

"ဒီတစ်ပတ် အတောအတွင်းမှာ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ အဓိက တိုက်ပွဲဖြစ်တဲ့နေရာကတော့ ကျွန်တော်တို့ တပ်မဟာ (၃) နယ်မြေဖြစ်နေတဲ့ ကလောဘုံ ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာ ရှိပါတယ်။ သုံးရက်လောက်ရှိပြီ ဆက်တိုက်ဖြစ်တာ။ နောက်တစ်ခုက တပ်မဟာ (၃) နယ်မြေ၊ တပ်ရင်းကတော့ (၂၇)၊ (၁၂) တပ်ရင်းနယ်မြေဘက်မှာ မန်စီကဘက်နဲ့ နည်းနည်းအကျော်ပေါ့။ မန်စီကနဲ့ ကထိလန်ဘက်မှာ ရှိနေတဲ့ မဒမ်ရမ် ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KIO ကနဲ့ KIA ကနဲ့ ဝင်တိုက်တဲ့ တိုက်ပွဲတွေ ရှိပါတယ်။"

ကချင်ပြည်နယ်တွင်းမှာ ၂၀၁၁ ကနေပြီး တပ်မတော် အာဏာမသိမ်းမီ ၂၀၂၁ အထိ IDP Camp တွေမှာ တိမ်းရှောင်နေရသူ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ (၁၂၀၀၀၀) အထိရှိခဲ့ပြီး တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တစ်သောင်းကျော်ခန့်ရှိတဲ့ စစ်ဘေးရှောင်တွေဟာ IDP Camp စစ်ရှောင်စခန်းတွေကို ခေတ္တယာယီအနေနဲ့ (၃၀၀၀) ခန့်လောက်သာ ခိုလှုံကြပြီး ဘာသာရေးကျောင်းတွေ၊ စစ်နဲ့ဝေးရာ မြို့ရွာတွေ၊ စစ်နဲ့ဝေးရာ ဆွေမျိုးတွေရှိရာတွေဆီမှာ တိမ်းရှောင်နေကြတာကြောင့် စစ်ရှောင် IDP Camp တွေဆီကို မရောက်ကြရပါဘူး။

ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ လက်တလော စစ်ပွဲတွေမှာ စစ်ကောင်စီဘက်က အင်အား ပိုမိုတိုးချဲ့ လာပြီး အင်အားကြီးစစ်ဖက်ဆိုင်ရာ လက်နက်တွေကို ထုတ်သုံးကာ ပြင်းပြင်းထန်ထန် ကချင် လွတ်မြောက်ရေး တပ်မတော်ကို တိုက်ခိုက်နေတာဟာ ဂလဲ့စားချေ တိုက်ပွဲသဘောမျိုးဆန်နေတယ်လို့ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက မိန့်ပါတယ် ။

"သူတို့က ဒီချိန်မှာ ပြည်သူတွေကို ထည့်တွက်မှာ မဟုတ်ဘူး။ အနိုင်ရဖို့တစ်ခုပဲ။ နောက် အခုဟာက အငြိုးတကြီးနဲ့လည်း ပြန်ပြီးတော့မှ ဂလဲ့စားချေတဲ့ စစ်ပွဲလိုမျိုး ပြန်ဖြစ်နေတာကိုး။ ဒီမြန်မာစစ်တပ် ဘက်က နေပြီးတော့။ သူတို့ရှုံးမယ်ဆိုလည်း တပ်မတော် သိက္ခာကျတာမျိုးတွေ သူတို့သေတယ်၊ ရှုံးတယ်၊ များတယ် ဘာညာဆို ပြည်သူလူထုကလည်း အခုချိန်မှာ အားလုံးက ဒါက လူမျိုးရေး၊ ဘာသာရေး စစ်မဟုတ်တော့ဘဲ ဓမ္မနဲ့ အဓမ္မ တိုက်ပွဲဆိုတာ သိတဲ့အချိန်မှာ ပြည်သူလူထုကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို အကုန်လုံးကို ထောက်ခံအားပေးပြီးတော့ အားကိုးနေကြရတာကို။ အဲ့တော့ ဒီစစ်တပ်ဘက်က ခုနပြောသလို အဲဒီဟာတွေပါ ရောပါသွားတာပေါ့။ ဒါဘုန်းဘုန်းရဲ့ သုံးသပ်ချက်ပါ။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၅) ရက်စလို့ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြား ကချင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရတဲ့ပြည်သူတွေ သောင်းဂဏန်းအထိ ရှိနေပြီးဖြစ်သလို မေလ (၁၀) ရက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ မန်စီမြို့နယ်တွင်းက စစ်ပွဲတွေကြောင့် စစ်ဘေး တိမ်းရှောင်ရသူတွေ (၂၀၀၀) ခန့် အသစ်တိုးလာတယ်လို့ ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူတွေကို အကူညီပေးနေတဲ့ ပြည်နယ်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေက ဆိုပါတယ်။

RFA ရဲ့ မှတ်တမ်းအရ ကချင်ပြည်နယ်တွင်းမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ် တစ်ခုတည်းမှာပဲ သံဃာတော် နှစ်ပါး နဲ့အရပ်သား (၁၄) ဦးအထိ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၄) ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

RFA Burmese



အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KIA ကြား တစ်ကျော့ပြန် တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KIA ကြား တစ်ကျော့ပြန် တိုက်ပွဲပေါင်း ၁၄၀ ခန့်ဖြစ် Reviewed by THITHTOOLWIN on 21:39 Rating: 5

No comments:

Powered by Blogger.