G7 အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်အကြောင်း ဗီဒီယို ကြည့်ရင်း မြန်မာ့အရေး ဆွေးနွေးမယ်

လန်ဒန်မြို့မှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံအစည်းအဝေးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး စဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဖြစ်

ယူကေနိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ရက် ကြာ အစည်းအဝေးမှာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကိစ္စအကြောင်း ဆွေးနွေးမယ်လို့ G7 အဖွဲ့က ဒီကနေ့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးများ အစည်းအဝေးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး စဖြစ်ခဲ့ကတည်းက ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံဆွေးနွေးကြတဲ့ သံတမန် အစည်းအဝေးကြီး ဖြစ်သလို ၂၀၁၉ ခုနှစ်ကတည်းကစလို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံး အစည်းအဝေးလည်း ဖြစ်ပါတယ်။

ဂျာမနီ၊ ကနေဒါ၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ယူကေနိုင်ငံတို့နဲ့ ဖွဲ့စည်းထားတဲ့ G7 အဖွဲ့ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ပေးပို့လိုက်တဲ့ ဗီဒီယိုတစ်ခုနဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို စတင်မှာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်အကြောင်းကို စစ်အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူမျိုးစုတွေက ရှင်းလင်းပြောပြထားတယ်လို့ သိရပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဖို့ G7 အဖွဲ့ဝင်နိုင်ငံတွေကို မစ္စတာ ရက်ဘ်က တိုက်တွန်း ပြောဆိုမှာ ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့လုပ်သွားရေး၊ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားချက်ကို ထောက်ခံအားပေးရေး၊ မြန်မာနိုင်ငံတွင်းက ကယ်ဆယ်ရေး အထောက်အပံ့ အလိုအပ်ဆုံးသူတွေအတွက် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး လုပ်ဆောင်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာ့အရေးကိစ္စနဲ့အတူ ရုရှား၊ တရုတ်၊ အီရန်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကိစ္စရပ်၊ အီသီယိုပီးယားနိုင်ငံ အကြမ်းဖက်တိုက်ခိုက်မှုကိစ္စနဲ့ ဆီးရီးယားနိုင်ငံ ပြည်တွင်းစစ်ကိစ္စ စတဲ့ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ ပထဝီနိုင်ငံရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေး ပြောဆိုသွားမယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

G7 အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်အကြောင်း ဗီဒီယို ကြည့်ရင်း မြန်မာ့အရေး ဆွေးနွေးမယ်  G7 အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်အကြောင်း ဗီဒီယို ကြည့်ရင်း မြန်မာ့အရေး ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 06:45 Rating: 5

No comments:

Powered by Blogger.