စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအထောက်အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ

စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအထောက်အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့က စတင်လိုက်တဲ့ ၂ ရက်ကြာ (G7) စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေသူတွေနဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

စစ်လက်နက် ရောင်းချမှုတွေ တားမြစ်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် စာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ရေး အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တိုက်တွန်းမယ့် အလားအလာရှိနေပါတယ်။

G7 အဖွဲ့ရဲ့ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံအရေး သာမက ဆီးရီးယား၊ တရုတ်၊ ရုရှားနဲ့ အာဖဂနစ္စတန် နိုင်ငံအရေး အပါအဝင် နိုင်ငံတကာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးကြမှာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဝန်ကြီး Antony Blinken ကတော့ ဆီးရီးယား နိုင်ငံရဲ့ ၁၀ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး နိုင်ငံရေး အဖြေရှာဖို့ G7 အဖွဲ့ဝင်တွေရဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းပြောကြားလိုကြောင်း အစည်းအဝေး ပထမနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးကတော့ ၂ နှစ်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမယ့် အစည်းအဝေးဟာ သံတမန်ရေး ကြိုးပမ်းမှုတွေ ပြန်လည်အားကောင်းလာတဲ့ လက္ခဏာအဖြစ် ပြောဆိုခဲ့တာပါ။

“ကမ္ဘာတဝန်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အားလုံးနဲ့ နိုင်ငံတွေ အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ဖို့ စိန်ခေါ်မှုတွေ ဘယ်လောက် ကြီးမားတယ်ဆိုတာကို ပြသရာရောက်မယ် ထင်ပါတယ်။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ပြောသွားတာပါ။

၂ ရက်ကြာ အစည်းအဝေးမှာ G7 အဖွဲ့ဝင်တွေ သာမက အင်ဒို၊ ပစိဖိတ်ဒေသက မိတ်ဖက်တွေပါ တက်ရောက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ လန်ဒန်မြို့တော်က G7 အစည်းအဝေးကိုတော့ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန် တို့သာမက၊ သြစတြေးလျ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဘရူနိုင်းနဲ့ တောင်အာဖရိက နိုင်ငံတို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/g7-to-sanction-myanmar-military-/5878211.html

စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအထောက်အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအထောက်အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ Reviewed by THITHTOOLWIN on 06:47 Rating: 5

No comments:

Powered by Blogger.