နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်


မေ ၁၅ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်းထမ်းများကို မြို့နယ်ပညာရေးမှူး ရုံးက နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။

CDM လုပ်ဆောင်နေသည့် ပညာရေး ဝန်ထမ်းများကို  မေ ၁၅ ရက်တွင် ကျောင်းသို့ လာပြီး ညှိနှိုင်းဆွေးနွေးရန် အတွက်ဆင့်ခေါ်စာများ နေအိမ်ထိ စာပို့ခဲ့ကြောင်း သိရသည်။ 

“ ကျနော်က ကြားကနေ  အဆင်ပြေအောင် ဆောင်ရွက်ပေးနေတာ။ စာသွားပေးပြီးသူတို့ကလက်မခံဘူးဆိုရင်လည်း သူတို့ရဲ သဘော။ သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲမူတည်တယ်” ဟု နောင်ချိုမြို့ အထက (၂) မှ တာဝန်ခံ ကျောင်းအုပ် ဦးငြိမ်းချမ်းအောင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

အလားတူ နောင်ချိုမြို့နယ် ပညာရေးမှူးရုံး လူမူစာမျက်နှာကွန်ယက်တွင် CDM တွင် ပါဝင်နေခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီသာမက မိသားစုများကိုလည်း သက်ရောက်မှု ရှိနိုင်သည်ကို သတိပြုစေလိုကြောင်း၊ မေလ ၁၄ ရက် နောက်ဆုံးထားပြီး ဆက်သွယ်အကြောင်းကြားစေလိုကြောင်းကို နောင်ချိုမြို့နယ် ပညာရေးမှူး ရုံး၊ ဒုတိယဦးစီးမှူး ဒေါ် ဝေမာမြင့် က  မေလ ၁၃ ရက်က ခြိမ်းခြောက်ပြောဆိုရေးသားထားခဲ့သည်။ 

ခြိမ်းခြောက် ဖိအားပေးမှု အမျိုးမျိုးဖြင့် ရင်ဆိုင်နေရသော်လည်း အာဏာဖီဆန်ရေး CDM တွင်ပါဝင်နေသည့် ပညာရေးဝန်ထမ်းများက  CDM ကို အဆုံးထိ ဆောင်ရွက်သွားမည် ဖြစ်ကာ ပညာရေးမှူးနှင့် သွားရောက်ညှိနှိုင်းဆွေးနွေးမည် မဟုတ်ကြောင်း သိရသည်။ 

“ ကျမကတော့ အခု အဝေးတစ်နေရာကိုရောက်နေတယ်။ ပြန်မသွားတော့ဘူး။ တာဝန်လည်းမထမ်းဆောင်တော့ဘူး။ အလုပ်ထုတ်ရင် ထုတ်လိုက်တော့။ သူတို့ ဒီလိုစာထုတ်ပြန်လဲ ကျမတို့ကတော့ မသွားဘူး” ဟု တိမ်းရှောင်နေရသည့် နောင်ချိုမြို့နယ်မှ ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိ၏ မိသားစုဝင်များကို စစ်ကောင်စီ အုပ်စုမှ တစုံတရာ ပြုလုပ်ပြီး၊ ဖမ်းဆီး ချုပ်နှောင်မည်ကို စိုးရိမ်နေကြောင်းလည်း ပြောဆိုသည်။

နောင်ချိုမြို့တွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာမတစ်ဦးကို မေလ ၉ ရက်တွင် စစ်ကောင်စီ အုပ်စုမှ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီးရာဇသတ်ကြီး ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့်ထားကာ ယနေ့ချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

 လက်ရှိ CDM ပြုလုပ်ထားသည့် နောင်ချိုမြို့ပညာရေးဝန်ထမ်း (၅)ဦးထက်မနည်း ပုဒ်မ (၅၀၅-က) ဖြင့် ဖမ်းဝရမ်းထုတ်ထားသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက် နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက် Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.