CDM လုပ်တဲ့ ဆရာ၊ ဆရာမ တသိန်းကျော် ရာထူးရပ်ဆိုင်းခံရ

ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ တောင်းဆိုတဲ့ ရန်ကုန်မြို့က ဆန္ဒပြမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဆရာ ဆရာမ ၁၂၅,၀၀၀ ကို စစ်ကောင်စီက ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆရာ ဆရာမများသမဂ္ဂရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပညာသင်နှစ်အသစ်အတွက် ကျောင်းတွေပြန်ဖွင့်ခါနီး ရက်ပိုင်းအလိုမှာ ကျောင်းဆရာ ဆရာမတွေကို အခုလို ရာထူးက ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ကျောင်းဆရာ ဆရာမတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်း အများအပြားက အကြမ်းဖက် အာဏာဖီဆန်တဲ့အနေနဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာကြောင့် အစိုးရလုပ်ငန်း အတော်များများ ရပ်ဆိုင်းနေပါတယ်။

မနေ့ စနေနေ့အထိ ရာထူးက ရပ်ဆိုင်းခံရတဲ့ ဆရာ ဆရာမ ၁၂၅,၀၀၀ ရှိသွားပြီလို့ အမည်မဖော်လိုတဲ့ ဆရာ ဆရာမများ သမဂ္ဂအဖွဲ့ဝင်တဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားတာပါ။ အဲဒီ ကျောင်းဆရာဟာလည်း စစ်ကောင်စီက အလိုရှိနေတဲ့သူတွေ စာရင်းမှာ ပါနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ကျောင်းဆရာ ဆရာမ အရေအတွက် ၄၃၀,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

အခုချိန်ထိတော့ ဒီစာရင်းထဲမှာပါတဲ့သူ အများစုဟာ ရာထူးက ဆိုင်းငံခံရတဲ့ အဆင့်မှာသာ ရှိသေးပြီး သူတို့တွေ အလုပ်ပြန်ဆင်းဖို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်တဲ့သဘော လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တကယ်လို့ အခုဆိုင်းငံ့တဲ့ အရေအတွက် အားလုံးကို အလုပ်ဖြုတ်လိုက်မယ်ဆိုရင် ပညာရေးစနစ်ကြီးတခုလုံး ပြိုကျပျက်စီးသွားနိုင်ကြောင်းလည်း အဲဒီ သမဂ္ဂပြောခွင့်ရ ကျောင်းဆရာက ပြောပါတယ်။

အခုချိန်ထိ တက္ကသိုလ်တွေက ဝန်ထမ်း ၁၉,၅၀၀ လည်း ရာထူးက ရပ်ဆိုင်းခံထားရပါတယ်။

စစ်တပ်ရဲ့ ပညာရေးစနစ်မှာကို ဆရာ ဆရာမတွေအပြင် ကျောင်းသားတွေကပါ ကျောင်းမတက်ဘဲ သပိတ်မှောက်နေကြတာကြောင့် ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေပါ ကျောင်းပြန်တက်ကြဖို့ စစ်တပ်ပိုင် မြန်မာ့အလင်းသတင်းစာကနေ ခေါ်နေပါတယ်။

ရှေ့လာမယ့် ဇွန်လထဲမှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်ဆောင်ရွက်နေပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/teachers-suspended-for-cdm/5901081.html

CDM လုပ်တဲ့ ဆရာ၊ ဆရာမ တသိန်းကျော် ရာထူးရပ်ဆိုင်းခံရ CDM လုပ်တဲ့ ဆရာ၊ ဆရာမ တသိန်းကျော် ရာထူးရပ်ဆိုင်းခံရ Reviewed by THITHTOOLWIN on 19:37 Rating: 5

No comments:

Powered by Blogger.