CDM ဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းစာထုတ်



အာဏာသိမ်းစစ်ကောင်စီက တပြည်လုံးမှာရှိတဲ့ အခြေခံပညာသင် ဆရာ ဆရာမတွေထဲက CDM ဝင်နေတဲ့သူတွေကို ယာယီရပ်ဆိုင်းတဲ့ အမိန့်စာတွေ ပေးပို့နေပါတယ်။ မြန်မာတပြည်လုံးမှာ အခြေခံပညာသင် ဆရာ၊ ဆရာမ ၄ သိန်းကျော်ရှိတဲ့အနက် ၁ သိန်းကျော်ကို ယာယီရပ်ဆိုင်းတယ်လို့ စစ်ကောင်စီက စာရင်းထုတ်ပေမယ့် အဲဒီစာရင်းဟာ တိကျတဲ့စာရင်း မဟုတ်ဘူးလို့ ဆရာ ဆရာမတွေက ပြောပါတယ်။ ရန်ကုန်တိုင်း ဒလမြို့နယ် ခနောင်ချောင်းဝ အထကခွဲက အလယ်တန်းပြဆရာ ဦးပြည့်ဖြိုးကျော်က သူတို့မြို့နယ်မှာ ဆရာ ဆရာမ စုစုပေါင်း ၁ဝဝဝ ကျော် ရှိတဲ့အနက် လက်ရှိ CDM ဝင်နေသူ ၄၆၈ ဦး ရှိကြောင်းနဲ့ သူတို့ကို ကျောင်းအုပ်ဆရာကြီးက ဖုန်းဆက်ပြီး အလုပ်ပြန်ဝင်ဖို့ မနေ့က သတိပေးတိုက်တွန်းခဲ့ကြောင်း RFA ကိုပြောပါတယ်။

“သားတို့ဝင်ချင်ရင် ပြန်ပြီးတော့ လုပ်ငန်းခွင်ဝင်လို့ရသေးတယ် ပြီးတော့ ဒီနေ့သူ ကြားခဲ့တယ်ပေါ့ မြို့နယ်ပညာရေးမှူးရုံးမှာ ဝင်လာတဲ့သူတွေရှိတယ်ပေါ့ သားတို့ စိတ်ကူးပြောင်းရင်ပေါ့ အခုအချိန်ကတော့ သူကပြောတာတော့ အပ်နဲ့ထွင်းရမဲ့အခြေအနေပေါ့ ပြီးမှ ဟိုဖြစ်ဒီဖြစ်နဲ့ဆိုရင် ပေါက်ဆိန်နဲ့ ထွင်းရမယ်ပေါ့။ ကျနော်တို့က ဂရုမစိုက်တော့ဘူး ဒီအလုပ်လဲ မလုပ်ချင်တော့ဘူး ဘာလို့လဲဆိုတော့ ရှင်လျက်နဲ့သေမှာလေ ထပ်ပြီးတော့သူတို့အောက်လဲ မလုပ်နိုင်ဘူး ဒါကျနော့်ရဲ့ သံန္နိဌာန်ပဲ။ ဒီအတိုင်းဘဲဆက်သွားမယ်ဆိုရင် ပညာရေးက ရှေ့ဆက်နိမ့်ကျဖို့ဘဲရှိတယ် ဒီစစ်ကောင်စီပညာရေးက ဘာမှအသုံးမဝင်ဘူး။ သူတို့မှာ ဘာ plan မှ မရှိဘူး။ ရှေ့ဆက် ဆုတ်ယုတ်ဖို့ဘဲရှိတယ် မြန်မာပြည်က။”

အဲဒီဒလမြို့နယ်က ကျောင်းအကျိုးဆောင်တဦးဖြစ်တဲ့ ဒေါ်နီနီဝင်းကတော့ CDM ဆရာတွေကို ထောက်ခံပါတယ်၊ ကျောင်းတွေပြန်ဖွင့်လည်း ဆရာဦးရေ နည်းပါးမှုကြောင့် ထိရောက်စွာ သင်ကြားနိုင်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

“သူတို့အနေနဲ့ ပေးဆပ်တာရော အနစ်နာခံတာရော၊ သူတို့မှာ အခက်အခဲတွေကြားထဲက လုပ်နေရတာကို သူတို့အတွက်ကို ကျောင်းသားမိဘတဦး အနေနဲ့ ကျောင်းအကျိုးတော်ဆောင်တဦး အနေနဲ့ ကျမတို့က CDM ဆရာဆရာမတွေကို အားပေးပါတယ်၊ ဂုဏ်လဲယူပါတယ်။”

မကွေးတိုင်း ချောက်မြို့နယ်မှာတော့ ဆရာ ဆရာမ ၂ဝဝဝ ကျော်ရှိတဲ့အနက် ၅ဝဝ ကျော်က CDM ဝင်နေတယ်လို့ အမည်မဖော်လိုတဲ့ ကျောင်းအုပ်ဆရာမကြီး တဦးက ပြောပါတယ်။

“ကလေးတွေကိုသင်တယ်ဆိုရင်လဲ ကလေးတွေရဲ့ လုံခြုံရေးကို တာဝန်ယူမှု တာဝန်ခံမှု ဘယ်သူကမှ လုပ်ပေးမှာမဟုတ်ဘူး။ အခု CDM ဆရာ ဆရာမတိုင်းဟာ အကုန်လုံး သင်ကြားရေးမှာ ထူးချွန်ပြီး တကယ်ကို ဆရာဆရာမ ပီသသူတွေပါ။ ကျန်တဲ့သူတွေက ဒီကလေးတွေရဲ့သင်ကြားရေးကို တကယ်ကို ထိရောက်အောင် သင်ကြားနိုင်မယ်လို့ ကျမ မယုံကြည်ပါဘူး ။ ကျောင်းဖွင့်တယ်ဆိုရင်လဲ ကလေးတွေရဲ့ ပညာရေး ပုံမှန်အတိုင်း ထိရောက်မယ်လို့ ကျမမထင်ဘူး။ ဆန္ဒပြရာမှာလဲ ကလေးတွေက လိုက်ပါကြတာဖြစ်တဲ့အတွက် CDM ကို ကလေးတွေက နားလည်နေကြတယ်။ ကျောင်းတက်လို့ မဖြစ်ဘူးဆိုတာ ကလေးတွေကိုယ်တိုင် သိပါတယ်။ ကျမက ၂ လပိုင်း ၈ ရက်နေ့က စပြီး CDM မှာပါဝင်ခဲ့ပါတယ် အရေးတော်ပုံ အောင်တဲ့အထိ CDM ကို ဆက်လုပ်သွားမှာပါ”

ချောက်မြို့နယ်မှာ CDM ဦးရေ နည်းပါးရတဲ့အချက်တွေထဲမှာ ထောက်ပံ့မှုမရတာလည်း ပါဝင်တယ်လို့ ဆရာမကြီးက ပြောပါတယ်။

“ချောက်မြို့နယ်ပညာရေးမှူးရဲ့ ခြိမ်းခြောက်မှုတွေ အများကြီးပါတယ်။ နောက်တခါ လစာမရဘူးဆိုတဲ့အခါ တချို့ဝန်ထမ်းတွေက အခက်အခဲတွေကြောင့် ပြန်ဝင်သွားကြတာ။ ကျမတို့အနီးဆို ကျောက်ပန်းတောင်းရှိတယ် အဲဒီမှာဆိုရင် CRPH နဲ့ တိုက်ရိုက်ကို ဆက်သွယ်ပြီးတော့မှ ခိုင်မာတဲ့ ဦးဆောင်ပြီးလုပ်မဲ့သူ ယုံကြည်လို့ရတဲ့သူ ရှိပါတယ်။ အခု ချောက်မြို့နယ်မှာဆိုရင် CDM ကို ဘယ်သူက ဦးဆောင်လုပ်နေလဲ၊ CRPH နဲ့ တိုက်ရိုက် ဆက်သွယ်လို့ ရတယ် မရဘူးဆိုတာ ကို ကျမတို့ မသိဘူး။ အရမ်းကို စီးပွားရေးအဆင်မပြေလို့ CDM ကို လုပ်ချင်လို့ ၂ လုံး ရောင်းနေတဲ့ ဆရာမလဲ ရှိတယ်။ ကလေး ၃ ယောက်နဲ့ ပြေးနေရတဲ့ဆရာမဆို တော်တော်အဆင်မပြေဘူး။ ကျမတော့ အဆင်ပြေပါသေးတယ်ရှင့် ခုထိ”

ချောက်မြို့နယ်ကို ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး CRPH နဲ့ NUG ရဲ့ ပြောကြားချက်တွေကို လတ်တလော မရရှိသေးပါဘူး။ ဒီအတောအတွင်း ဧရာဝတီတိုင်းမှာတော့ CDM ဝင်တဲ့ ဆရာ ဆရာမ ဦးရေ အလွန်နည်းပါးတယ်လို့ သိရပါတယ်။ ဘိုကလေးမြို့နယ်က မူလတန်းပြဆရာမ တဦးရဲ့ရင်ဖွင့်သံကို အခုလို ကြားရပါတယ်။

“ကျမတို့ ဘိုကလေးမြို့နယ်မှာဆို ဆရာဆရာမ စုစုပေါင်း ၅ဝဝဝ ကျော်ရှိတယ်။ အဲဒီထဲက ၄၅ဝဝ လောက်က အစက CDM လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အခု ၁၅ဝ လောက်ပဲ လတ်တလောမှာ CDM ကို တောင့်ခံနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဘယ်လိုဘဲ သူတို့တွေ ဖိအားပေးပေး စစ်ကောင်စီကို ကျမတို့ကတော့ တွန်းလှန်သွားမှာပါ။ CDM ကို အမြဲတမ်းလုပ်သွားမှာပါ။”

ဧရာဝတီတိုင်းမှာ အခုလိုCDM နည်းပေမယ့် နိုင်ငံအနှံ့အပြားမှာ ဆရာ ဆရာမ အများအပြား CDM ဝင်နေတဲ့အတွက် ဒေသခံဘွဲ့ရတွေကို စစ်ကောင်စီက အခု လိုက်လံ မက်လုံးပေး ဌားရမ်းနေတယ်လို့လည်း သတင်းရပါတယ်။ ဒါ့အပြင် ကျောင်းတွေကို ဒီလကုန်ပိုင်း ပြန်ဖွင့်တဲ့အခါ လုံခြုံရေးအတွက် မိဘတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက တာဝန်ယူဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ မိဘအများအပြားကတော့ ကျောင်းပြန်တက်မယ့် ကျောင်းသားဦးရေ နည်းပါးလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

RFA Burmese



CDM ဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းစာထုတ် CDM ဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းစာထုတ် Reviewed by THITHTOOLWIN on 03:16 Rating: 5

No comments:

Powered by Blogger.