စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ

စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှာ ၂၀၂၁ မေလ ၂၇ ရက်နေ့က နေအိမ်တွေက အိုးခွက်ပန်းကန်တွေကို စစ်ကောင်စီတပ် ဖျက်ဆီးခဲ့စဉ် / Photo: CJ


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှာ ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက် ၇ နာရီလောက်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ လောက် ရောက်ရှိလာပြီး‌ နေအိမ် သုံးအိမ်က ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ ရသလို ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတွေကိုပါ ယူဆောင် သွားကြတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

ရွာထဲကို သေနတ်ပစ်ခတ် ဝင်ရောက်လာလို့ ရွာသားတွေ ထွက်ပြေးနေကြချိန် အခုလို ဖျက်ဆီး ယူဆောင် သွားကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ရွာထဲဝင်တာနဲ့ သေနတ် အချက် ၁၀၀ လောက်ဖောက်တယ်။ သူတို့ကိုမြင်တော့ ရွာကသူတွေ ထွက်ပြေး ကြတာပေါ့။ ရွှေ တစ်ကျပ်သား၊ ပိုက်ဆံသိန်း ၃၀လောက်ပါတဲ့ အိမ်ရှိတယ်။ ထွက်ပြေးတဲ့ အချိန်မှာ ယူမသွားမိတာပေါ့။ ရေခဲသေတ္တာတွေ၊ တီဗွီတွေ ရိုက်ခွဲတယ်။ ဘုန်းကြီး ဆွမ်းကပ်ဖို့ ပြင်ထားတဲ့ ပန်းကန် တွေကို ရိုက်ခွဲတယ်။ စားသွားတယ်။ တစ်အိမ်လုံး ဘာမှ မကျန်တော့ပါဘူး။ အခွံပဲ ကျန်တော့တယ်"

စစ်ကောင်စီ တပ်သားတွေက ရွာထဲကိုဝင်ပြီး အခုလို ဘာကြောင့် လုပ်ဆောင်သွားတယ်ဆိုတာကို နားမလည် နိုင်ဘူးလို့လည်း သူကဆိုပါတယ်။

ရွာထဲမှာ မနက် ၇ နာရီလောက်ကနေ ၁၀ နာရီလောက်အထိ နေပြီး ပြန်ထွက်သွားကြတယ်လို့လည်း ပြောပါတယ်။

ကင်မွန်းတော်ရွာမှာ ဆန္ဒပြတာတွေလည်း မရှိသလို အခုလို ဝင်ရောက် ဖျက်ဆီးခံရတာကလည်း ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/chaung-oo-homes-destroyed-05272021084856.html

စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ  စစ်ကိုင်း ချောင်းဦးမှာ နေအိမ်သုံးအိမ် ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.